မြန်မာနိုင်ငံမြောက်ပိုင်းရှိ မိသားစုကြီးလေးစုမှ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ ၂၅၈ ဦးကို တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ရာဇဝတ်ဂိုဏ်းအမှုအားလုံးမှာ တရားစီရင်ရေးလုပ်ငန်းစဉ်သို့ ရောက်ရှိနေပြီဖြစ်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
၂၀၂၅ ခုနှစ်တွင် အစိုးရရှေ့နေအဖွဲ့များက သက်ဆိုင်ရာဌာနများနှင့်အတူ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ ၆၉၀၀၀ ကို တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ‘မိသားစုကြီးလေးစု’ မှ လူပေါင်း ၂၈၅ ဦးအား တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ပိုင်း ‘မိသားစုကြီး လေးစု’ ရာဇဝတ်ဂိုဏ်းအမှုအားလုံးမှာ တရားစီရင်ရေးလုပ်ငန်းစဉ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မြီ မိသားစု၊ ပယ်မိသားစု ရာဇဝတ်ဂိုဏ်းများမှ အဖွဲ့ဝင် ၁၆ ဦးအား ချက်ချင်းသေဒဏ်စီရင် ရန် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဆက်သွယ်ရေးလိမ်လည်မှုများ နေရာအနှံ့တွင် စိမ့်ဝင်လျက်ရှိရာ ပြည်သူလူထုက လွန်စွာ မုန်းတီးနာကြည်းလျက်ရှိကြကြောင်း တရုတ်နိုင်ငံ အမြင့်ဆုံး ပြည်သူ့အစိုးရရှေ့ နေချုပ်ရုံး ဥပဒေရေးရာ မူဝါဒ သုတေသနဌာန ညွှန်ကြားရေးမှူး၊ လုပ်ငန်းအစီရင်ခံစာ မူကြမ်းရေးဆွဲရေးအဖွဲ့ တာဝန်ခံယန်ကျန့်ပေါက ပြောကြားခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
ဆိုက်ဘာစပေ့ (Cyberspace) သည် ဥပဒေပြင်ပနေရာမဟုတ်ကြောင်း၊ ပုံရိပ်ယောင်လောကသည်လည်း သန့်ရှင်း၍စနစ်ကျမှုရှိရန် လိုအပ်ကြောင်း၊ အစိုးရရှေ့နေ အဖွဲ့များအနေဖြင့် အွန်လိုင်းအကြမ်းဖက်မှု၊ အွန်လိုင်းလိမ်လည်မှု၊ အကျိုးယူ၍ အင်တာနက်တွင် ရေးသားသူများ၏ ပြစ်မှုကျူးလွန်မှုများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားကာ ကြည်လင်သန့်စင်သည့် ဆိုက်ဘာစပေ့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန်အပါအဝင် သားဖြစ်သူ ပယ်ရင်ချန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ရိတို့ အပါအဝင် လေးဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းက သေဒဏ်စီရင်ခဲ့သည်။
အလားတူ ဇန်နဝါရီလကုန်ပိုင်းကလည်း ကိုးကန့်၏ မိသားစုလေးစုအနက် တစ်ခုဖြစ်သည့် ‘မြီ’ မိသားစုဝင်များဖြစ်သည့် မြီကျိန်းကျိန်းအပါအဝင် ၁၂ ဦးကို သေဒဏ်စီရင်ခဲ့သည်။
ပယ်ရင်ချန်နှင့် အခြားသူတို့ ဦးဆောင်သည့် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံ ကိုးကန့်ဒေသ၌ ပြစ်မှုကျူးလွန်သည့်ဥယျာဉ်ဇုန်အများအပြားကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ပူးပေါင်းဖော်ဆောင်ခြင်းဖြင့် ယန်လိချန် အပါအဝင် “ငွေရှင်ကြေးရှင် အများအပြား” ဝင်ရောက်အခြေစိုက်စေရန် စည်းရုံးဆွဲဆောင်ပြီး လက်နက်ကိုင်များဖြင့် အကာအကွယ်ပေးခဲ့ကြောင်း၊ ထို “ငွေရှင် ကြေးရှင်များ” နှင့်အတူ ဆက်သွယ်ရေးအွန် လိုင်းလိမ်လည်မှု၊ လောင်းကစားရုံဖွင့်လှစ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ပြည့်တန်ဆာလုပ်ငန်းစီစဉ်မှုနှင့် အတင်းအဓမ္မ ခိုင်းစေမှုစသည့်ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ လောင်းကစားနှင့် လိမ်လည်မှု စသည်တို့နှင့်စပ်လျဉ်းသည် ငွေကြေးပမာဏမှာ ယွမ် ၂၉ ဘီလျံကျော်ရှိပြီး တရုတ်နိုင်ငံသားခြောက်ဦး သေဆုံး၍ အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပယ်ရင်ချန်သည် အဖွဲ့နှင့်အတူ မက်သ်အဖက်တမင်း မူးယစ်ဆေးဝါး တန်ချိန် ၁၁ တန်ခန့် ရောင်းဝယ်ဖောက်ကားခြင်းနှင့် ထုတ်လုပ်ခြင်းပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။
ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူများကို မြန်မာနှင့် တရုတ်နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်ခဲ့ပြီး တရားခံများကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ ၎င်းတို့ကို တရုတ်နိုင်ငံရှိ တရားရုံးများတွင် ရုံးတင်စစ်ဆေးကာ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















