မြဝတီမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ကားထဲက ဓာတ်ဆီထုတ်ယူသူနှစ်ဦး မီးလောင်ဒဏ်ရာရရှိကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း စစ်မီးဂယက်နှင့် အခြားမြို့များနည်းတူ စက်သုံးဆီပြတ်လပ်မှုဖြစ်ပွားနေသည့် မြဝတီမြို့တွင် ကားထဲက ဓာတ်ဆီ ထုတ်ယူရာမှ မီးလောင်မှုဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးထိရှိကာ နှစ်ဦးစလုံးမဲဆောက်ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း Z-RESCUE အရေးပေါ် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
မြဝတီမြို့တွင်း၌ စက်သုံးဆီဆိုင်အချို့ အရောင်းပိတ်ထားသလို၊ အချို့ဆ်ိုင်များဖွင့်လှစ်ရောင်းချနေသော်လည်း တန်းစီဝယ်ယူသူများပြားသည့်အတွက် မဲဆောက်ဘက်သို့ သွား၍ ကားဆီဖြည့်ပြီး မြဝတီတွင် ပြန်လည်ရောင်းချသည့်စျေးကွက်တွင် ကျယ်လာခဲ့သည်။
သို့ဖြစ်၍ မြဝတီမှ မဲဆောက်သို့ သွားရောက် ဆီဖြည့်မည် မော်တော်ယာဉ်များကြောင့် အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် မတ် ၆ ရက်ထိ ယာဉ်ကြောပိတ်ဆို့မီုဖြစ်ပွားခဲ့သည်။
မဲဆောက်တွင် ကားဆီဖြည့်ပြီးမြဝတီမှာ ပြန်လည် ဖောက်ထုတ်ရောင်းချစဉ် မတ် ၈ ရက်က တစ်ဦး၊ မတ် ၉ ရက်က တစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု Z-RESCUE အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မဲဆောက်မှာ ဆီသွားဝယ်၊ ပြီးရင် ဆီထုတ်ရောင်းတဲ့အဖွဲ့က သပ်သပ်ရှိပါတယ်၊ မီးလောင်တယ်ဆိုတာအရမ်း အန္တရာယ်ကြီးပါတယ်။ အရမ်းလည်းစိုးရိမ်မိတယ်၊ ခုက ရပ်ကွက်အတွင်းမှာ ကြီးကြီးမားမား မီးလောင်မှုမဖြစ်ခဲ့ပေမဲ့ လူထိခိုက်တယ်။ အရမ်းစိုးရိမ်ရပါတယ်။ အနီရောင်အဆင့်လို့ ပြောရမှာပေါ့။ လူ့အသက်ထက် အရေးကြီးတာဘာမှ မရှိဘူးလေ။ မြဝတီဆေးရုံကြီးကနေ မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တာပါ။ အားလုံးသတိထားဆင်ခြင်သင့်ပါတယ်” ဟု Z-RESCUE လူမှု ကယ်ဆယ်ရေး အသင်းတာဝန်ရှိသူကပြောကြားသည်။















