■ စက်သုံးဆီခြိုးခြံချွေတာရေး အစီအမံသည် မြန်မာနိုင်ငံတွင် စက်သုံးဆီမရှိ၍ မဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်မည့်ကိစ္စများကို တွက်ဆထုတ်ပြန်ခြင်းဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လက်ရန် အကြောင်းမရှိဟုဆို
စက်သုံးဆီခြိုးခြံချွေတာရေး အစီအမံသည် မြန်မာနိုင်ငံတွင် စက်သုံးဆီမရှိ၍ မဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်မည့်ကိစ္စများကို တွက်ဆထုတ်ပြန်ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၄ ရက်တွင် ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင် ယာဉ်များ လစဉ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဉ်များ မောင်းနှင်အသုံးပြုရန် ထုတ်ပြန်ခဲ့ပြီး ယင်းသို့ထုတ်ပြန်မှုအပေါ် ဝေဖန်မှုအချို့လည်းရှိနေသည့်အပြင် လက်ရှိတွင် စက်သုံးဆီဆိုင်အချို့တွင် မော်တော်ယာဉ်များ စက်သုံးဆီများကို တန်းစီဝယ်ယူမှုများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီများအား စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
'' ဒါကိုအဓိကထုတ်ပြန်ရတဲ့အကြောင်းအရင်းကတော့ နံပါတ်(၁) ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီမရှိလို့မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်မယ့် ကိစ္စတွေကိုတွက်ဆပြီးတော့ ကျွန်တော်တို့ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စနစ်တကျအသုံးပြုပြီးတော့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျဖျက်သန်းနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ်ဆီ ၁ ဒသမ ၇ သန်း ဂါလံခန့် စုစုပေါင်းတစ်ရက်လျှင် ဆီဂါလံ ၃ ဒသမ ၂ သန်းခန့်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလံသန်း ၆၀၊ ဒီဇယ်ဆီဂါလံသန်း ၇၀ နီးပါး စုပုံထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ''ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီအနေနဲ့ နောက်ထပ်ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာပြောကြားလိုပါတယ်''ဟု ပြောကြားသည်။
ထို့ပြင်ဆိပ်ကမ်းတွင် ယခုလက်ရှိ ဆီမချရသေးဘဲ ကပ်ထားသည့်သင်္ဘောနှစ်စီးရောက်ရှိနေပြီး ဝယ်ယူထားပြီး လမ်းတွင်ရှိနေသည့် စက်သုံးဆီ သင်္ဘော ၁၄ စင်းရှိကာ ယင်းသင်္ဘော ၁၄ စင်းသည်လည်း ရက်ပိုင်းအတွင်း အခက်အခဲမရှိဆိုက်ကပ်လာမည်ဖြစ်သည်ဟု သိရသည်။
''နောက်တစ်ခုက အိမ်နီးနားချင်းထိုင်းနိုင်ငံအနေနဲ့ သူတို့နိုင်ငံကနေ ဆီတင်ပို့တာပိတ်သိမ်းလိုက်ပြီးဆိုတာကို ကြေညာတာနဲ့ ပတ်သက်ပြီးတော့ ဒါကောလာဟလသတင်းတွေထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့သည် ဆီတင်သွင်းတာက အရှေ့တောင်အာရှနိုင်ငံတွေထဲကဆိုရင် စင်ကာပူနဲ့ မလေးရှားကနေပြီး တင်သွင်းနေတာဖြစ်ပါတယ်။ စင်ကာပူတို့၊ မလေးရှားတို့မှာလည်း ဒီဆီနဲ့ပတ်သက်လာရင် ရေနံချက်စက်ရုံတွေရှိပြီးဖြစ်ပါတယ်။ သူတို့နိုင်ငံတွေအနေနဲ့လည်း သူတို့ရေနံချက်စက်ရုံတွေကို ရပ်ပြီးနေမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံကနေ ရေနံတင်သွင်းပြီးတော့ လည်ပတ်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒီဟာသည် သူတို့ရဲ့လှုပ်ရှားရမယ့် စီးပွားရေးဖြစ်တဲ့အတွက် ကြောင့် လည်ပတ်မှုရပ်တန့်စရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်အနေနဲ့ပြောချင်တာက ဒီစက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လက်သွားစရာအကြောင်းမရှိပါဘူး။ သို့သော်ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရ ကမ္ဘာဈေးနှုန်းနဲ့အညီတော့ စက်သုံးဆီများက ဈေးနှုန်းများဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်'' ဟု ကာ/လုံ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။
လက်ရှိတွင် လှုံ့ဆော်မှုများကြောင့် စက်သုံးဆီဆိုင်များတွင် ပြည်သူများတန်းစီဝယ်ယူမှုများရှိနေကြောင်းသိရပြီး စက်သုံးဆီပြတ်လက်ရန်မရှိဘဲ လိုသူများကသာ စနစ်တကျဝယ်ယူကြရန်ပြောလိုကြောင်း၊ စက်သုံးဆီဆိုင်များကိုဖွင့်လှစ်ထားမည်ဖြစ်ပြီး မရောင်းသည့်စက်သုံးဆီဆိုင်များကို တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များအား စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။















