အမေရိကန်နှင့် မဆွေးနွေးမီ တစ်ရက်အလိုတွင် အီရန်တော်လှန်ရေးအစောင့်တပ်က ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်

အမေရိကန်နှင့် မဆွေးနွေးမီ တစ်ရက်အလိုတွင် အီရန်တော်လှန်ရေးအစောင့်တပ်က ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်
Published 17 February 2026
Ref: AFP

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အမေရိကန်နှင့် ဆွေးနွေးပွဲများမစတင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၁၆ ရက်တွင် ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်မှုများ စတင်လိုက်ပြီဟု အီရန်နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့သည်။

အမေရိကန်က အရှေ့အလယ်ပိုင်းသို့ ရေတပ်အင်အားအလုံးအရင်း ဖြန့်ကြက်ခဲ့ပြီးနောက် ရေလက်ကြားအတွင်းရှိ လုံခြုံရေးနှင့် စစ်ရေးခြိမ်းခြောက်မှုများကိုရင်ဆိုင်ရန် အီရန်အစောင့်တပ်ဖွဲ့အား ပြင်ဆင်ပေးသည့်အနေဖြင့် စစ်ရေးလေ့ကျင့်နေခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ကာ အချိန်မည်မျှကြာမြင့်မည်ကို မဖော်ပြခဲ့ပေ။

အမေရိကန်နှင့်တင်းမာမှုများ မြင့်တက်လာတိုင်း သဘောထားတင်းမာသည့် အီရန်နိုင်ငံရေးသမားများက ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်လေ့ရှိသည်။သို့သော် တစ်ခါမှ မပိတ်ဖူးသေးပေ။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏အဆိုအရ ရေကြောင်းဖြင့်တင်ပို့သည့် ကမ္ဘာ့ရေနံစုစုပေါင်း၏ လေးပုံတစ်ပုံနှင့် သဘာဝဓာတ်ငွေ့ရည်စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်သည် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာနေခြင်းဖြစ်သည်။

အီရန်အစောင့်တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ပတ်ခ်ပူရ်ကိုယ်တိုင် စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်လျက်ရှိသည်။ တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် အီရန်စစ်တပ်၏ လက်ရုံးတပ်ဖွဲ့ဖြစ်သည်။

အီရန်နိုင်ငံ၏ တောင်ဘက်အကျဆုံးနယ်နိမိတ်ဖြစ်သည့် အဘူမူဆာကျွန်းမှနေ၍ စစ်ရေးလေ့ကျင့်မှုစတင်ခဲ့ပြီး နိုင်ငံပိုင်ရုပ်သံသတင်းအရ ပင်လယ်ကွေ့အတွင်းရှိ ကျွန်းအခြေစိုက် အီရန်တပ်ဖွဲ့များသည် ပြည်မကြီး၏အကူအညီမပါဘဲ လှုပ်ရှားနိုင်ပြီး ကီလိုမီတာ ၁၀၀၀ အကွာအဝေးအတွင်းရှိ ရန်သူ့ဖျက်သင်္ဘောများကို ဖျက်ဆီးနိုင်သည့် ဒုံးကျည်များ ပိုင်ဆိုင်ထားသည်ဟု သိရသည်။

အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဂျီနီဗာ၌ အီရန်နှင့်အမေရိကန်တို့ ဆွေးနွေးပွဲစတင်မည့်ဆဲဆဲ ယခုစစ်ရေးလေ့ကျင့်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ဒေသတွင်း၌ အမေရိကန်က စစ်အင်အားအများအပြား ဖြန့်ကြက်ထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ဇန်နဝါရီလအတွင်း လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပါဝင်သည့် စစ်သင်္ဘောအစုကို ပင်လယ်ကွေ့သို့ စေလွှတ်ပြီးနောက် ဒုတိယမြောက် လေယာဉ်တင်သင်္ဘော Gerald R. Ford လည်း အရှေ့အလယ်ပိုင်းသို့ မကြာမီထွက်ခွာတော့မည်ဟု ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၁၃ ရက်က ပြောကြားခဲ့သည်။

လတ်တလောတွင် အီရန်အစောင့်တပ်ကလည်း ဒေသတွင်းရှိ နိုင်ငံခြားသင်္ဘောအားလုံး ၎င်းတို့၏ ထောက်လှမ်းစောင့်ကြည့်မှုအောက်တွင်ရှိနေပြီး အီရန်က အသင့်ခုခံနိုင်သည့် အနေအထားတွင်ရှိနေသည်ဟု သတိပေးထားသည်။

အီရန်တော်လှန်ရေးအစောင့်တပ်ကို ဥရောပသမဂ္ဂက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီး ၎င်းကိုလက်တုံ့ပြန်သောအားဖြင့် အီရန်ကလည်း အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စစ်တပ်အားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် ပြန်သတ်မှတ်ခဲ့သည်။

၂၀၁၉ ခုနှစ်က ထရန့် ပထမအကြိမ်သမ္မတသက်တမ်းအတွင်း အမေရိကန်သည် ကမ္ဘာပေါ်တွင် အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ပထမဆုံးသတ်မှတ်ခဲ့သည့် နိုင်ငံဖြစ်လာခဲ့သည်။

 

Most Read

Most Recent