■ ယခင်ကကျင်းပခဲ့သည့် JLPT စာမေးပွဲများတွင် စာဖြေဆိုချိန်စတင်ပြီး ၁၀ မိနစ်အတွင်း နောက်ကျရောက်ရှိသူများကို ဝင်ခွင့်ပြုခဲ့သော်လည်း လာမည့်ဇူလိုင်တွင် ကျင်းပမည့် JLPT စာမေးပွဲမှစ၍ ဝင်ခွင့်ပြုမည်မဟုတ်

■ ယခင်ကကျင်းပခဲ့သည့် JLPT စာမေးပွဲများတွင် စာဖြေဆိုချိန်စတင်ပြီး ၁၀ မိနစ်အတွင်း နောက်ကျရောက်ရှိသူများကို ဝင်ခွင့်ပြုခဲ့သော်လည်း လာမည့်ဇူလိုင်တွင် ကျင်းပမည့် JLPT စာမေးပွဲမှစ၍ ဝင်ခွင့်ပြုမည်မဟုတ်
Published 9 February 2026

ယခင်ကကျင်းပခဲ့သည့် JLPT စာမေးပွဲများတွင် စာဖြေဆိုချိန်စတင်ပြီး ၁၀ မိနစ်အတွင်း နောက်ကျရောက်ရှိသူများကို ဝင်ခွင့်ပြုခဲ့သော်လည်း လာမည့်ဇူလိုင်တွင် ကျင်းပမည့် JLPT စာမေးပွဲမှစ၍ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၆ ခုနှစ် JLPT စာမေးပွဲ၏ စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှုအပါအဝင် ထပ်တိုးစည်းကမ်းချက်နှင့်ပတ်သက်၍ JLPT စာမေးပွဲအတွက် ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်မှ အကြောင်းကြားချက်အရ ယင်းအချက်များအပါအဝင် စည်းကမ်းချက်များကို အသိပေးထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇူလိုင် JLPT စာမေးပွဲမှစတင်၍ စာဖြေသူများအားလုံး စာဖြေခန်းထဲသို့ရောက်ရှိရမည့် Check-in Time အချိန်အား N1၊ N2 Level စာဖြေသူများအတွက် နံနက် ၈ နာရီမှ ၈ နာရီ ၄၅ မိနစ်အတွင်း N3၊ N4၊ N5 Level စာဖြေသူများအတွက် နံနက် ၁၀ နာရီမှ ၁၀ နာရီ ၄၅ မိနစ်အတွင်းဟု သတ်မှတ်ထားကြောင်း၊ အဆိုပါသတ်မှတ်ချိန်များအား စာဖြေသူများ၏ test voucher နောက်ကြောဘက်တွင် (Check-in Time) အနေဖြင့် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Check-in Time ပြီးဆုံးသည့်အချိန်မှ Listening ပိုင်းပြီးဆုံးပြီးသည့်အချိန်သည် စာမေးပွဲဖြေဆိုချိန် အဖြစ်သတ်မှတ်ထားပြီး နားချိန်များအပါအဝင် စာမေးပွဲဖြေဆိုချိန်အတွင်း အီလက်ထရွန်နစ်ကိရိယာများ မည်သည့်အမျိုးအစားကိုမျှ အသုံးပြုခွင့်မရှိကြောင်း၊ မီးလင်းနေသည့် သို့မဟုတ် အသုံးပြုနေသည့် အီလက်ထရွန်နစ်ကိရိယာများ တွေ့ရှိပါက စာမေးပွဲစည်းကမ်း ဖောက်ဖျက်သူ (Misconduct) အဖြစ် သတ်မှတ်ကာ စာမေးပွဲရလဒ် ထွက်ရှိမည် မဟုတ်ကြောင်း သိရသည်။

နောက်ကျရောက်ရှိခြင်းစည်းမျဉ်းများအရ ယခင်စာမေးပွဲများတွင် စာဖြေဆိုချိန်စတင်ပြီး ၁၀ မိနစ်အတွင်း နောက်ကျရောက်ရှိသူများအား (Listening session မပါ) ဝင်ခွင့်ပြုခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဇူလိုင်မှစတင်၍ အပိုင်းအားလုံးတွင် ယင်းစည်းမျဉ်းများကို ဖျက်သိမ်းလိုက်ကြောင်း၊ စာဖြေသူများသည် ပထမပိုင်းဖြေဆိုချိန်အတွက် အထက်ဖော်ပြပါ Check-in Time အတွင်း မရောက်ရှိပါက စာမေးပွဲခန်းအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဒုတိယပိုင်းနှင့် နောက်ပိုင်းဖြေဆိုချိန်များတွင် စာဖြေဆိုချိန်ကျော်လွန်ပြီး နောက်ကျလာသူများကို စာမေးပွဲခန်းထဲ ဝင်ခွင့်မပြုဘဲ စာမေးပွဲ ဖြေဆိုခွင့် ပေးမည်မဟုတ်ကြောင်း ကြိုတင်အသိပေးထားသည်။

မူလသတ်မှတ်ချက်များအပြင် လျှောက်ထားသူတစ်ဦးသည် ယခင်ကပြင်းထန်သော မသမာမှုများ ဆောင်ရွက်ခဲ့သည် သို့မဟုတ် ဂျပန်ဖောင်ဒေးရှင်းမှ စီစဉ်သော စာမေးပွဲများ (JFT-Basic အပါအဝင်) တွင် ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သည်ဟု သတ်မှတ်ပါက ဂျပန်ဖောင်ဒေးရှင်းသည် JLPT စာမေးပွဲဝင်ခွင့်ကို ပယ်ဖျက်နိုင်ကြောင်း စည်ကမ်းတိုးမြှင့် သတ်မှတ်ထားကြောင်း၊ ၂၀၂၆ ခုနှစ် ဇူလိုင်လစာမေးပွဲအတွက် Test Guide အား သက်ဆိုင်ရာ Application Website များတွင် ဖေဖော်ဝါရီ ၁၃ ရက် နောက်ပိုင်းမှစတင်၍ Download ရယူနိုင်ကြောင်း၊ စည်းကမ်းချက်အသစ်ကြေငြာချက်များအား JLPT Official Website တွင်လည်းလေ့လာနိုင်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent