မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီး Level 2 အဆင့် အထည်ဆိုင်မီးလောင်မှုသည် အရောင်းဝန်ထမ်းက ကတ်ထူစက္ကူအဟောင်းပေါ်တင်၍ ဖုန်းအားသွင်းရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း၊ အမှတ် (C/3)၊ အခန်းအမှတ် (၀၀၁) မြေညီရှိ GALACTICO အထည်ဆိုင်တွင် နာရီ ၃၃ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ ဦးစီးသန္ဓေတပ်ဖွဲ့ဝင် ၃၃၀ ဦး၊ အရန်မီးသတ် ၁၁၇ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂၆ စီး၊ ရေသယ်ယာဉ် ၁၃ စီး၊ ကွပ်ကဲမှုယာဉ် ကိုးစီး၊ အထောက်အကူပြုယာဉ် ခြောက်စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ GALACTICO အထည်ဆိုင်မှ အရောင်းဝန်ထမ်းလုပ်ကိုင်သူ မောင်ကောင်းခန့်ပိုင်၊ (၂၀) နှစ်သည် ကတ်ထူစက္ကူအဟောင်းပေါ်တင်၍ ဖုန်းအားသွင်းရာမှ ဝါယာရှော့ဖြစ်ကာ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် တိုက်အမှတ် (C/3) အခန်းအမှတ် (၀၀၁) မြေညီထပ်နှင့် ထပ်ခိုး (GALACTICO) အထည်ဆိုင်၊ တိုက်အမှတ် (B/2) အခန်း (၀၀၁) မြေညီထပ်နှင့် ထပ်ခိုး (GALACTICO) အထည်ဆိုင်ခန်းများ မီးလောင်ခဲ့ပြီး သိန်း ၉၀ တန်ဖိုးဆုံးရှုံးသွားကြောင်းနှင့် လူနှင့် တိရစ္ဆာန်ဆုံးရှုံးမှုမရှိပကြောင်း သိရသည်။















