နည်းပြ ဂလက်စ်နာကို ရာထူးက ထုတ်ပယ်ခြင်းမပြုဖို့ ခရစ္စတယ်ပဲလေ့စ်အသင်း ဆုံးဖြတ်

နည်းပြ ဂလက်စ်နာကို ရာထူးက ထုတ်ပယ်ခြင်းမပြုဖို့ ခရစ္စတယ်ပဲလေ့စ်အသင်း ဆုံးဖြတ်
Photo: Getty Images
Photo: Getty Images
Published 19 January 2026

ခရစ္စတယ်ပဲလေ့စ်အသင်းက အသင်းအပေါ် ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့တဲ့ နည်းပြ ဂလက်စ်နာကို ရာထူးက ထုတ်ပယ်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဂလက်စ်နာက ဆန်းဒါးလန်းအသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းတာဝန်ရှိသူတွေက မိမိတို့ကို ပံ့ပိုးပေးမှုမရှိဘဲ ပစ်ပယ်ထားသလိုခံစားရကြောင်း၊ အက်ဇေးနဲ့ အသင်းခေါင်းဆောင် ဂူဟီတို့ကို ပွဲကစားခါနီးအချိန်တွေမှာ ရောင်းထုတ်ခဲ့ခြင်းက မဖြစ်သင့်ကြောင်း၊ မိမိအနေနဲ့ ကစားသမားတွေကို ကာကွယ်ပေးဖို့အတွက် နှုတ်ပိတ်မနေနိုင်တော့ဘဲ ဖွင့်ပြောရခြင်းဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဒါကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင် စတိဗ်ပါရစ်ရှ်က ဒေါသထွက်ခဲ့ပြီး ဂလက်စ်နာကို ရာထူးက ထုတ်ပယ်ဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ အားကစားဒါရိုက်တာ မတ်ဟော့ဘ်စ်နဲ့ ဂလက်စ်နာတို့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာတော့ ဂလက်စ်နာကို စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဂလက်စ်နာက လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ လမ်းခွဲတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့က အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။

Most Read

Most Recent