ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက အသင်းဖော်ဟောင်း ကာရစ် မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းကို ထောက်ခံပြောကြားမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ ယူ-၁၈ အသင်းနည်းပြ ဖလက်ချာကို ယာယီနည်းအပြ ခေတ္တတာဝန်ပေးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်ကနေ ရာသီကုန်အထိ ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ကာရစ်ဟာ မန်ယူအသင်းမှာ ပွဲပေါင်း ၄၆၄ ပွဲကစားခဲ့သည့် ကွင်းလယ်ကစားသမားဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ကစားသမားဘဝက အနားယူပြီးချိန်ကတည်းက နည်းပြလောကကို ကူးပြောင်းခဲ့သူဖြစ်ပါတယ်။
ကာရစ်ဟာ မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်ချိန်မှာ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး အသင်းဖော်ဟောင်း ဆိုးလ်ရှား မန်ယူနည်းပြ ဖြစ်လာချိန်မှာလည်း နည်းပြအဖွဲ့ဝင်အဖြစ် ဆက်ရှိခဲ့ပါတယ်။
အဲဒီနောက် ဆိုးလ်ရှား ရာထူးက ထုတ်ပယ်ခံရချိန်မှာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် သုံးပွဲတာဝန်ယူခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ မစ်ဒယ်ဘရော့အသင်း လိဂ်ချန်ပီယံရှစ်မှာ အဆင့် ၁၀ နေရာသာ ရရှိခဲ့တဲ့အတွက် ကာရစ်အနေနဲ့ ရာထူးက ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
''ဒါဟာ တကယ့်ကို သင့်လျော်တဲ့ ရွေးချယ်မှုပါပဲ။ ဒီအခိုက်အတန့်မှာ မန်ချက်စတာယူနိုက်တက်အသင်းက နေရာကောင်းမှာ ရှိမနေတာကြောင့် ထိပ်တန်းနည်းပြတွေကို ခန့်အပ်သင့်တယ်လို့ မထင်ပါဘူး။ မိုက်ကယ် (ကာရစ်)က အသင်းကို တည်ငြိမ်အောင် လုပ်ဆောင်ပေးရမှာပါ'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။
ကာရစ်ဟာ ယာယီနည်းပြဘဝ ပထမဆုံးပွဲအဖြစ် မန်ချက်စတာဒါဘီပွဲ ဆင်နွှဲရမှာဖြစ်ပြီး အဲဒီပွဲနဲ့ ပတ်သက်ပြီးတော့လည်း ရွန်နီက ''အဲဒီပွဲက ကလပ်အတွက်ရော မိုက်ကယ်အတွက်ပါ ပွဲကြီးပွဲကောင်းဖြစ်ပြီး မိုက်ကယ်အနေနဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့ လိုမယ်လို့ထင်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်ပေမဲ့ ခက်ခဲမှာပါ။ ဒါပေမဲ့ မန်ယူနိုက်တက်က အလှည့်အပြောင်းလုပ်နိုင်ရင် အနိုင်ယူနိုင်တာကြောင့် စနေနေ့မှာ အဲဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။















