၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းနဲ့ အိမ်ရှင် မော်ရိုကိုအသင်း တွေ့ဆုံနေပြီး ဇန်နဝါရီ ၁၈ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပထမပွဲစဉ်မှာ ဆီနီဂေါအသင်းက အီဂျစ်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဆီနီဂေါအသင်း ဗိုလ်လုပွဲတက်ရောက်ခွင့်ရမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်ကစားသမား မာနေက ၇၈ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ မော်ရိုကိုနဲ့ နိုင်ဂျီးရီးယားပွဲစဉ်မှာ မိနစ် ၉၀ နဲ့ အချိန်ပိုပြီးဆုံးချိန်အထိ ဂိုးမရှိသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။
ပယ်နယ်တီကန်ရာမှာ မော်ရိုကိုအသင်းက ငါးဦးအနက် တစ်ဦးသာလွဲချော်ပြီး နိုင်ဂျီးရီးယားအသင်းက လေးဦးအနက် ချူဝူဇီနဲ့ အွန်ယီမေချီတို့ရဲ့ ကန်သွင်းမှုကို မော်ရိုကိုဂိုးသမား ဘိုနိုကာကွယ်နိုင်တာကြောင့် (၄-၂) ဂိုးနဲ့ အနိုင်ရကာ ဗိုလ် လုပွဲတက်ရောက်ခဲ့တာပါ။
ဗိုလ်လုပွဲကို ဇန်နဝါရီ ၁၈ ရက် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၉ ရက် နံနက် ၁ နာရီခွဲ) မှာ ရာဘတ်မြို့ရှိ ပရိသတ် ၆၉၅၀၀ ဝင်ဆံ့တဲ့ Prince Moulay Abdellah Stadium မှာ ကျင်းပမှာဖြစ်ပါတယ်။
ဗိုလ်လုပွဲတက်ရောက်လာတဲ့ နှစ်သင်းစလုံးဟာ ဒီပြိုင်ပွဲမှာ တစ်ကြိမ်စီဗိုလ်စွဲဖူးပြီး ချန်ပီယံဆုကို ဒုတိယအကြိမ်ရယူနိုင်ဖို့ ကြိုးပမ်းရမှာပါ။
အိမ်ရှင်မော်ရိုကိုအသင်းက ၁၉၇၆ ပြိုင်ပွဲမှာ ဗိုလ်စွဲဖူးပြီး ၂၀၀၄ ပြိုင်ပွဲမှာ ဒုတိယရရှိပြီးနောက် ၂၂ နှစ်အကြာမှာ ဗိုလ်လုပွဲကို တစ်ကျော့ပြန်တက်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။
ဆီနီဂေါအသင်းကလည်း ၂၀၂၁ ပြိုင်ပွဲမှာ ဗိုလ်စွဲဖူးပြီး ၂၀၀၂ နှင့် ၂၀၁၉ ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့ဖူးပါတယ်။
ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ အီဂျစ်နဲ့ နိုင်ဂျီးရီးယားအသင်းတို့က ဇန်နဝါရီ ၁၇ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ကာဆာဘလန်ကာမြို့ရှိ Mohammed V Stadium မှာ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။















