■ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ဒရယ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး

■ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ဒရယ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
Published 13 January 2026

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ဒရယ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၂ ရက် ည ၇ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာ၊ ရပ်ကွက် (၅) နေ ဦးရွှေအေးဆိုသူ၏ နေအိမ်နောက်ဖေးမီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်းနှင့် ထိုမှဘေးချင်းကပ်လျက်ရှိ ဒေါ်နန်းမွန်ဆိုသူ၏ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ထိုမီးလောင်မှုအား မွန်ပြည်နယ် မီးသတ်ဦးစီးဌာန၊ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာန၊ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနတို့မှ သန္ဓေနှင့် အရန်မီးသတ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူ အယောက် ၃၀၀ ခန့်တို့မှ မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ ရေသယ်ယာဉ် လေးစီး၊ ပရဟိတရေသယ်ယာဉ် သုံးစီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးရွှေအေးဆိုသူ ပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ အုတ်ညှပ် နှစ်ထပ်နေအိမ် တစ်လုံးနှင့် ဒေါ်နန်းမွန်ဆိုသူ ပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ အုတ်ညှပ် နှစ်ထပ်နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

“မီးလောင်မှုဖြစ်ပွားနေတဲ့ အချိန်မှာ ရွာကလူတွေ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့ မီးဝိုင်းငြှိမ်းသတ်ခဲ့ကြလို့ ထိခိက်ပျက်ဆီးဆုံးရှုံးမှုတွေ နည်းသွားတာပါ။ မဟုတ်ရင် ပျက်ဆီးဆုံးရှုံးမှုတွေကြီးသွားနိုင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ ကွက်သစ်ပိုင်းမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ၊ မီးလောင်မှုကြောင့် နေအိမ် ၅၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု ၅၇ စုမှ မီးဘေးသင့်ပြည်သူ ၂၁၃ ဦးရှိကြောင်း ဒေသခံများထံမှ သိရသည်။

Photo Credit - Bo Bo Win Rescue, ချောင်းဆုံ ကြက်ခြေနီအသင်း၊

 

Most Read

Most Recent