ဘုန်းမောက်အသင်းရဲ့ ဂါနာတောင်ပံကစားသမား ဆယ်မီညိုဟာ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက် စတင်ဖွင့်လှစ်မယ့် ဇန်နဝါရီ(၁)ရက်မှာပဲ အနာဂတ်အတွက် အဖြေကို သိရှိခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဘုန်းမောက်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတဲ့ ဆယ်မီညိုဟာ ပေါင်(၆၅)သန်းတန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားပါတယ်။
အဲဒီလျော်ကြေးစာချုပ်က ဇန်နဝါရီ(၁၀)ရက်အထိသာ အကျုံးဝင်မှာဖြစ်ပြီး မန်စီးတီးက ခေါ်ယူဖို့ အသင့်ဖြစ်နေပြီလို့ သတင်းထွက်နေသလို၊ လီဗာပူးလ်ကလည်း ကမ်းလှမ်းဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြပါတယ်။
ဘုန်းမောက်အသင်းက ဆယ်မီညိုကို ရောင်းထုတ်လိုခြင်းမရှိသလို၊ ရောင်းထုတ်ရမယ်ဆိုရင်လည်း အာဆင်နယ်၊ စပါးတို့နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေ ပြီးမှသာ လက်လွှတ်လိုကြောင်း သိရပါတယ်။
ဒါပေမဲ့ လာမယ့် ဇန်နဝါရီ(၇)ရက်မှာ အသက်(၂၆)နှစ်ပြည့်မယ့် ဆယ်မီညိုကတော့ အနာဂတ်အတွက် ရှင်းလင်းပြတ်သားတဲ့အဖြေကို ဇန်နဝါရီ(၁)ရက်မှာပဲ သိရှိခွင့်ရဖို့ လိုလားနေကြောင်း သိရပါတယ်။
လောင်းကစားကုမ္ပဏီတွေကတော့ ဆယ်မီညို ရောက်ရှိမယ့်အသင်းအဖြစ် မန်စီးတီးကို (၁း၃)လေး၊ လီဗာပူးလ်ကို (၉း၂)လေး၊ မန်ယူကို (၈း၁)လေး၊ ချယ်လ်ဆီးကို (၁ဝး၁)လေး သတ်မှတ်ထားကြောင်း သိရပါတယ်။















