အမေရိကန်တပ်ဖွဲ့များသည် နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်းရှိ IS စစ်သွေးကြွအဖွဲ့ကို ဒီဇင်ဘာ ၂၅ ရက်တွင် လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ သည်။
နိုင်ဂျီးရီးယားနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များအပေါ် စနစ်တကျ တိုက်ခိုက်မှုများ မပြုလုပ်ရန် သတိပေးပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံအတွင်းရှိ အကြမ်းဖက်ပစ်မှတ်များကို တိကျစွာ ထိမှန်အောင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက်အစောပိုင်းတွင် အတည်ပြုခဲ့သည်။
နိုင်ဂျီးရီးယားအာဏာပိုင်များ၏ တောင်းဆိုချက်အရ ဆိုကိုတိုပြည်နယ်တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုအတွင်း IS အကြမ်းဖက်သမား အများအပြားသေဆုံးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အာဖရိကစစ်ဌာနချုပ်က ပြောကြားခဲ့သည်။
အသေးစိတ်အချက်အလက်များကိုမူ အနည်းငယ်သာ ထုတ်ပြန်ခဲ့ပြီး သေဆုံးသူ မည်မျှရှိသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
ထရန့်က “ခရစ်ယာန်ဘာသာဝင်တွေကို သတ်ဖြတ်နေတာ မရပ်တန့်ဘူးဆိုရင် ငရဲနဲ့တူတဲ့ အကျိုးဆက်ကို ခံစားရမယ်လို့ အဲဒီအကြမ်းဖက်သမားတွေကို ကျွန်တော်ကြိုတင် သတိပေးခဲ့ဖူးပါတယ်၊ ဒီည(ဒီဇင်ဘာ ၂၅ ရက်)မှာတော့ အဲဒီအတိုင်း ဖြစ်လာခဲ့ပါပြီ”ဟု ပြောကြားခဲ့သည်။
“ခရစ်ယာန်တွေကို ဆက်ပြီး သတ်ဖြတ်နေဦးမယ်ဆိုရင် အခုထက်မက အများကြီး သေဆုံးဦးမယ့် အကြမ်းဖက်သမား အသေကောင်တွေအပါအဝင် အားလုံးပဲ ခရစ္စမတ်မှာ ပျော်ရွှင်ကြပါစေ”ဟု ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ထရန့်လက်ထက်တွင် နိုင်ဂျီးရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့များ၏ ပထမဆုံးသော တိုက်ခိုက်မှုဖြစ်သည်။
အမေရိကန်အလံ လွှင့်တင်ထားသော စစ်သင်္ဘောတစ်စီးပေါ်မှ ညဘက်တွင် ဒုံးကျည်ပစ်လွှတ်လိုက်ပုံရသည့် ဗီဒီယိုဖိုင်ကို အမေရိကန်ကာကွယ်ရေးအရာရှိများက နောက်ပိုင်းတွင် တင်ခဲ့သည်။
အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်းက ထရန့်သည် နိုင်ဂျီးရီးယားရှိ လက်နက်ကိုင်ပဋိပက္ခများကြားတွင် ခရစ်ယာန်များသည် မျိုးတုံးသတ်ဖြတ်မှုနှင့်တူသော တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ဂျီးရီးယားနိုင်ငံကို မမျှော်လင့်ဘဲပြစ် တင်ဝေဖန်ခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဆိုပါ သံတမန်ရေးအရ ဖိအားပေးမှုများကို အချို့က ကြိုဆိုကြသော်လည်း အချို့ကမူ အာဖရိက၏ လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ယခင်က ဘာသာရေးအသွင်ဆောင်သော အကြမ်းဖက်မှုများရှိခဲ့သည့် နိုင်ဂျီးရီး ယားတွင် ဘာသာရေးတင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု ရှုမြင်ကြသည်။
နိုင်ဂျီးရီးယားအစိုးရနှင့် လွတ်လပ်သော လေ့လာဆန်းစစ်သူများကမူ နိုင်ငံအတွင်းရှိ အကြမ်းဖက်မှုများကို ဘာသာရေးအရ နှိပ်စက်ညှဉ်းပန်းမှုအဖြစ် ပုံဖော်ခြင်းအား ငြင်းပယ်ထားသည်။ ယင်းသို့ ပုံဖော်ပြောဆိုခြင်းမှာ အမေရိကန်နှင့် ဥရောပရှိ ခရစ်ယာန်လက်ယာစွန်း အုပ်စုများက ကာလရှည်ကြာ အသုံးပြုခဲ့သော အကြောင်းပြချက်ဖြစ်သည်ဟု ဆိုသည်။သို့သော်လည်း ထရန့်ကမူ ၎င်း၏အစိုးရအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်များ နှိပ်စက်ခံရမှုကို အလေးထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
Ref:AFP















