အယ်လ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိရင် စီရော်နယ်လ်ဒို အပိုဆုကြေး ပေါင်(၈)သန်း ရရှိမယ်

အယ်လ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိရင် စီရော်နယ်လ်ဒို အပိုဆုကြေး ပေါင်(၈)သန်း ရရှိမယ်
Photo: X
Photo: X
Published 24 December 2025

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိခဲ့ရင် အပိုဆုကြေး ပေါင်(၈)သန်း ရရှိမယ်လို့ သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို ၂၀၂၃ ဇန်နဝါရီမှာ ပြောင်းရွှေ့ခဲ့ပြီး (၃)ရာသီ ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပေမဲ့ ချန်ပီယံဆု ရယူနိုင်ခြင်းမရှိသေးပါဘူး။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်မှာ ချန်ပီယံဆု(၁၀)ကြိမ် ဆွတ်ခူးထားပေမဲ့ ၂၀၁၈-၁၉ ရာသီနောက်ပိုင်းမှာ ချန်ပီယံဆုနဲ့ ဝေးကွာနေပါတယ်။

ဒီရာသီမှာတော့ ပွဲစဉ်(၉)ပွဲ ယှဉ်ပြိုင်အပြီးမှာ ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက အယ်လ်ဟီလာအသင်းကို (၄)မှတ်ဖြတ်ထားတာကြောင့် စီရော်နယ်လ်ဒိုရဲ့ အပိုဆုကြေးအကြောင်း မီဒီယာတချိုု့က ဖော်ပြခဲ့ကြတာပါ။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့ရာမှာ မြင့်မားတဲ့လစာနှုန်းထား ရရှိရုံသာမက ချန်ပီယံဆုရရှိခဲ့ရင် အပိုဆုကြေးပေါင်(၈)သန်း၊ ဂိုးသွင်းဘုရင်ဆုရရှိခဲ့ရင် အပိုဆုကြေးပေါင်(၄)သန်း ထပ်မံရရှိမယ့် သဘောတူညီချက်တွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ်ဂိုးသွင်းဘုရင်ဆုကိုတော့ နောက်ဆုံးနှစ်ရာသီဆက် ရရှိထားတဲ့အပြင် ဒီရာသီမှာလည်း အသင်းဖော် ဂျော်အိုဖေးလစ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Most Read

Most Recent