■ မဲဆွယ်စည်းရုံးရာတွင် သုံးနှုန်းခဲ့သည့်  အသုံးအနှုန်းကြောင့် ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမှုဖွင့်ခံရ

■ မဲဆွယ်စည်းရုံးရာတွင် သုံးနှုန်းခဲ့သည့်  အသုံးအနှုန်းကြောင့် ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမှုဖွင့်ခံရ
Published 20 December 2025

မဲဆွယ်စည်းရုံးရာတွင် သုံးနှုန်းခဲ့သည့် အသုံးအနှုန်းကြောင့် ပြည်သူ့ပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်အား ဒီဇင်ဘာ ၁၈ ရက်တွင် မြို့နယ်ရဲစခန်း၌ ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၅၈ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဦးလွင်မြင့်အား ဒီဇင်ဘာ ၁၇ ရက် ညပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့က ၎င်း၏ အိမ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး စခန်းတွင် ကြာမြင့်ချိန် ၄ နာရီခန့် စစ်ဆေးခဲ့ပြီးနောက် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

“အဲဒီရက်မှာ သက်ဆိုင်ရာက လာခေါ်ပြီး စခန်းမှာ စစ်ဆေးပါတယ်။ စစ်ဆေးပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်”ဟု ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဋ္ဌ ဦးလှဌေးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ပါတီက ရွေးကောက်ပွဲနည်းဥပဒေအရ ခုခံချေပနိုင်ရန်အတွက် ရှေ့နေအဖွဲ့ စီစဉ်ဆောင်ရွက်ထားကြောင်းလည်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးဥက္ကဋ္ဌ ဦးလှဌေးက ပြောကြားသည်။

ယခုဖြစ်စဉ်သည် တိုင်ကြားခြင်းခံရသည့်ဖြစ်စဉ်ဖြစ်သည့်အတွက် ရိုးသားမှုမရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် ယခုကဲ့သို့ တိုင်ကြားခံရမှုကြောင့် ဖမ်းဆီးခံရပါက ပြည်သူ့ပါတီအတွက်လည်း နစ်နာသကဲ့သို့ ပြည်သူလူထုအတွက် အလုပ်အကျွေးပြုလိုသည့် လူတော်တစ်ယောက် နစ်နာဆုံးရှုံးနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်သည် ပြည်သူ့ပါတီ၏ TikTok အကောင့်မှ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာ၌ ပြောကြားခဲ့သည့် “တော်လှန်ရေး” ၊ “အရေးတော်ပုံ”ဟူသော အသုံးအနှုန်းများကြောင့်လည်းကောင်း၊ ၎င်း အသုံးပြုသည့် Facebook လူမှုကွန်ရက်တွင် အသုံးပြုခဲ့သည့် ပုံများကြောင့်လည်းကောင်း တိုင်ကြားခံထားရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent