အသင်းမှာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ စည်းလုံးစွာရှိနေတယ်လို့ အမ်ဘာပေ ပြောကြား

အသင်းမှာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ စည်းလုံးစွာရှိနေတယ်လို့ အမ်ဘာပေ ပြောကြား
Photo: X
Photo: X
Published 28 November 2025

ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက အသင်းမှာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ စည်းလုံးစွာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ အခုတစ်ပတ်ချန်ပီယံလိဂ်မှာ အိုလံပီယာကော့စ်ကို အနိုင်မရခင် ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး နည်းပြ အလွန်ဆိုနဲ့  ကြယ်ပွင့်ကစားသမားတချို့ ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း သတင်းထွက်ခဲ့ပါတယ်။

ဒါကြောင့် အမ်ဘာပေက အသင်းအနေနဲ့ စည်းလုံးမှုအပြည့်ရှိနေကြောင်းပြောကြားခဲ့သလို၊ အသင်းဖော်တွေကိုလည်း ကစားသမားအချင်းချင်းနဲ့ နည်းပြအဖွဲ့အပေါ် အပြန်အလှန်ကာကွယ်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

''အပြင်မှာ လူတွေ အများကြီးပြောနေကြတာ ကျွန်တော် သိပါတယ်။ ရီးယဲလ်မှာ ကစားရင် လူတွေအတွက် ပြောစရာဖြစ်တာကတော့ ပုံမှန်ပါပဲ။ ဒါတွေကို ဆန့်ကျင်ပြီး ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စည်းလုံးစွာရှိနေပြီး ပရိသတ်တွေကလည်း ကျွန်တော်တို့ဘက်မှာ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်'' လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။

အလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့် ရီးယဲလ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရအောင် စွမ်းဆောင်ပေးထားပေမဲ့ ဗင်နီစီယပ်စ်အပါအဝင် အမာခံကစားသမားတချို့နဲ့ အဆင်မပြေကြောင်း ထင်ကြေးပေးမှုတွေ ရှိနေတာပါ။

Most Read

Most Recent