အောင်မြေသာစံမြို့နယ်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)တေဇကျော်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် မဲဆွယ်စည်းရုံးမှုပြုလုပ်

အောင်မြေသာစံမြို့နယ်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)တေဇကျော်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် မဲဆွယ်စည်းရုံးမှုပြုလုပ်
Published 9 November 2025

ပြည်ခိုင်​ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) တေဇကျော်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ၎င်းတို့၏ မဲဆန္ဒနယ်ဖြစ်သည့် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်တွင် မဲဆွယ်စည်းရုံးရေး များကို ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် ပြုလုပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတေဇကျော်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်သည့် ဦးမျိုးအောင်သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးခင်မောင်မြင့်ကလည်းကောင်း၊ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် ဦးမျိုးမြင့်ကလည်းကောင်း အောင်မြေသာစံမြို့နယ်ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အောင်မြေသာစံမြို့နယ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သွားမည့် ကိုယ်စားလောင်းများသည် အိုးဘိုရပ်ကွက်တွင် မဲဆွယ်စည်းရုံး​​ရေးခရီးစတင်ခဲ့ခြင်းဖြစ်ပြီး ပါတီဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားရပ်တည်ချက်များ၊ ရွေးကောက်ပွဲကြေညာစာတမ်း အပါအဝင် လူထုအားဆောင်ရွက်ပေးမည့် ကတိကဝတ်များနှင့်ပတ်သက်ပြီးလည်း ကိုယ်စားလှယ်လောင်း အသီးသီးက မဲဆွယ်ပြောကြားခဲ့သည်။

" ရွေးကောက်ပွဲပြီးရင်ရော အခုလို အတူတွေ့ဆုံပြီး အခက်ခဲတွေ တင်ပြခွင့်ရမှာလားဆိုတဲ့ မေးခွန်းကို ဖြေချင်ပါတယ်။ကတိပေးတယ်ခင်ဗျ။ အောင်မြေသာစံမှာသာ ကျွန်တော်နဲ့ကျွန်တော့်အဖွဲ့ကို ရွေးချယ်ပါ။ ကျွန်တော်ပြန်ဆင်းလာပါမယ်။ ခဏခဏလည်း ကျွန်တော်ဆင်းပါတယ်။ ဒါပေမယ့် တစ်တိုင်းလုံး သွားနေရတော့ အချိန်ကန့်သတ်ချက်ရှိတာပေါ့။တင်ပြလာတဲ့အခက်အခဲတွေမှာ ဖြစ်နိုင်တဲ့ကိစ္စတွေ အကုန်ဆောင်ရွက်ပေးပါ့မယ်။ ရွေးကောက်ခံနီးကတိတွေပေးသွားတယ်။ပြီးရင်ပျောက်သွားတယ်။ နောက်တစ်ခါရွေးကောက်ပွဲကျမှ ပေါ်လာတယ်။ အဲလိုမဖြစ်စေရဘူး။ ကျွန်တော်ရင်ဘတ်ထဲက စကားပါ။မန္တလေးကိုချစ်တယ်။ မန္တလေးအတွက်ဆို ဘာပဲလုပ်ပေးရ လုပ်ပေးရပါ။ကျွန်တော်ကတိက ဝတ်တွေအများကြီးမပေးချင်ပါဘူး။ အလုပ်နဲ့သက်သေပြချင်ပါတယ်" ဟု တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

ဦးမျိုးအောင်သည် လက်ရှိ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသလို ဝန်ကြီးချုပ်မဖြစ်ခင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးဌာနသုံးခုတွင် ဝန်ကြီးအဖြစ်လည်းကောင်း၊ ယခင်အစိုးရလက်ထက်များက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ လမ်းတံတားဌာနမှူး၊ အဆောက်အအုံကုန်ရုံဌာနမှုးများအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

Most Read

Most Recent