Pepsi အချိုရည်စက်ရုံသို့ အလုပ်သမာအငြင်းပွားမှုအပေါ်တွင် အခြေခံ၍ စွဲဆိုခဲ့သည့် အမှုအား တရားလို ဖြစ်သူ ယခင်ကုမ္ပဏီဝန်ထမ်းဟောင်းက ၎င်း၏ သဘောဆန္ဒအလျောက်အမှုအား ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းအပေါ် တရားရုံးက ခွင့်ပြုကာ အမှုပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
Pepsi အချိုရည်စက်ရုံ၏ ယခင်ဝန်ထမ်းဟောင်း ဦးသောင်းဟန်ဆိုသူသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ၊ ၃၁ ရက် ၌ အလုပ်မှထုတ်ပယ်ခံရသည့်အတွက် အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားအငြင်းပွားမှုဆိုင်ရာ ခုံသမာဓိရုံးတွင် အငြင်းပွားမှုအပေါ်တိုင်တန်းခဲ့သဖြင့် ညှိနှှိုင်းဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိကောင်စီမှ ၎င်း၏ လျှောက်ထားမှုအပေါ်ပယ်ကြောင်း ဆုံးဖြတ်ကာ ရှုံးနိမ့်ခဲ့သည့်အတွက် သက်ဆိုင်ရာ အလုပ်သမား ဦးစီးဌာန မြိုနယ်ရုံးက နစ်နာသည်ဟု ထင်မြင်ပါက စီရင်ပိုင်ခွင့်ရှိတရားရုံးတွင် အမှုစွဲဆိုနိုင်ကြောင်း ၎င်းထံ အကြောင်းပြန်ကြားချက်အရ (၁၆-၆-၂၀၂၃)ရက်နေ့ ၌ မှော်ဘီခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ စွဲဆိုခဲ့ပြီးနောက် (၂၁-၁၀-၂၀၂၅)ရက်နေ့ (၆၆)ကြိမ်မြောက်ရုံးချိန်း ၌ ဦးသောင်းဟန် ကိုယ်တိုင် ၎င်း၏ သဘောဆန္ဒအလျောက်အမှုအား ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းအပေါ် မှော်ဘီခရိုင်တရားရုံးက အမှုကို ပိတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ယင်းအမှုနှင့် စပ်လျဉ်း၍ အချို့သောမီဒီယာသတင်းဌာနများက အလုပ်ရှင်နှင့်အလုပ်သမား (ပြင်ပ) ညှိနှိင်းသဘောတူညီချက်အရ အမှုကိုပိတ်သိမ်းရခြင်းဖြစ်ကြောင်း ဖော်ပြချက်များသည် မြေပြင် အခြေအနေနှင့်ကွဲလွဲနေကြောင်း Pepsi ၏ Lotte-MGS ကုမ္ပဏီကလည်း နိုဝင်ဘာ ၅ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။
အဆိုပါကြေညာချက်တွင် မကြာသေးမီက သတင်းမီဒီယာအချို ၌ ဖော်ပြခဲ့သည့် Pepsi ဝန်ထမ်းဟောင်း တစ်ဦးနှင့်ပတ်သက်သည့် ကိစ္စရပ်တွင် “အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဘက် (တရားရုံးပြင်ပ) ၌ ညှိနှှိုင်းသဘောတူညီချက်ရရှိပြီးနောက် အမှုကိုပိတ်သိမ်းခြင်းဖြစ်သည်”ဆိုသည့် သတင်းကို ကျွန်ုပ်တို့ Pepsi အနေဖြင့် သတိပြုမိပါကြောင်း ၊ အဆိုပါသတင်းများသည် မြေပြင်အခြေအနေရှိ လက်တွေ့ဖြစ်စဉ်များနှင့် ကွဲလွဲနေကာ ကိုက်ညီမှုမရှိသည်ကို အားလုံးကိုရှင်းလင်းပြောဆိုလိုပါကြောင်း အဆိုပါကိစ္စရပ်သည် တရားရုံးတော်က အမိန့်မချမီ နောက်ဆုံးရုံးချိန်း (၆၆) ကြိမ်မြောက်တွင် တရားလိုဖြစ်သူ ဝန်ထမ်းဟောင်းဘက်က ၎င်း၏ ဆန္ဒအလျောက် လိုလားစွာပင် အမှုကိုရုပ်သိမ်းပေးခဲ့ခြင်းကြောင့်သာ တရားရုံးက အမှုကို ခြွင်းချက်မရှိ ပိတ်သိမ်းလိုက်ခြင်းသာဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ၎င်းဝန်ထမ်းဟောင်းနှင့် တရားရုံးပြင်ပ တရားဝင်သဘောတူညီချက် (သိုမဟုတ်)ဆွေးနွေးညှိနှှိုင်းမှုများကို မည်သည့် အချိန်ကမျှ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ နောက်နောင်၌လည်း ရှိလာမည်မဟုတ်ပါကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိမှုအရ သိရသည်။
ထိုနောက်ဆက်လက်၍ Lotte-MGS ကုမ္ပဏီသည် မည်သည့်အခါကမျှ တရားစီရင်ရေးဆိုင်ရာ ဖြစ်စဉ်များတွင် မှတ်ချက်ပေးခြင်း၊ ဝေဖန်ခြင်းပြုလုပ်လေ့မရှိသည့်အပြင် ကျွန်ုပ်တိ့ုသည် လုပ်ငန်းရှင်တစ်ဦး တစ်ယောက်အနေ ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုအနေဖြင့် လည်းကောင်း ကုမ္ပဏီ၏ ဆောင်ရွက်ချက်မှန်သမျှကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ကာ တည်ကြည်မျှတမှု၊ တာဝန်ယူ/တာဝန်ခံမှု အစရှိသည့် အခြေခံနိယာမ စည်းမျဉ်းများနှင့်အညီ အခြေခံ၍ လည်ပတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကုမ္ပဏီအနေဖြင့် တည်ဆဲဥပဒေ များကို လိုက်နာရန်နှင့် လုပ်ငန်းကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှုရှိရန်အပြင် မိတ်ဖက်လုပ်ငန်းရှင်၊ ဝန်ထမ်းများ၊ Stakeholders များအားလုံးအကြား ယုံကြည်ကိုးစားမှု၊ လေးစားတာဝန်ခံမှုများအပေါ် အခြေခံသည့် လုပ်ငန်းခွင်ယဉ်ကျေးမှု အသိုက်အဝန်းတစ်ခုကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ထပ်မံအတည်ပြု ပြောကြားလိုပါကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။















