မြန်မာ-ရုရှား နှစ်နိုင်ငံ အပြန်အလှန် နိုင်ငံသားများ ဗီဇာလိုအပ်ချက်များကို ပယ်ဖျက်ရေး လက်မှတ်ရေးထိုးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် အောက်တိုဘာ၂၈ ရက်က ဘေးဆွယ်အစည်းအဝေးတစ်ခုတွင် တွေ့ဆုံခဲ့ကြရာ၌ နှစ်နိုင်ငံပြည်သူများ၏ ဗီဇာလိုချက်များကို ပယ်ဖျက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် ဦးစားပေးနယ်ပယ်များ၌ နှစ်ဦးနှစ်ဖက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ရေးအတွက် အလားအလာများကို ဝန်ကြီးနှစ်ဦးက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများတွင် နိုင်ငံရေးဆိုင်ရာ အပြန်အလှန်ဆွေးနွေးရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူသားချင်းစာနာမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နိုင်မည့်အလားအလာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာနယ်ပယ်တို့တွင် ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စများကို နှစ်ဖက်စလုံးက ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များကို နှစ်နိုင်ငံစလုံးက ပယ်ဖျက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့သည့်အပြင် ၂၀၂၅-၂၀၂၇ အတွက် The Plan of Inter-Middle Consultations ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
Photo: Russia Mofa















