၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်တွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ (၁၄)ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာမြို့ နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက်ထားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုပါသည်။ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။
ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာ မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။
ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်) လာရောက် ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။















