မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြောကြား

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြောကြား
Published 27 September 2025

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားသည်။

ယနေ့(စက်တင်ဘာ ၂၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာတွင် ကျင်းပသည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်ဆောင်ရွက်ခြင်းများအပြင် ဒီဂျစ်တယ်နည်းပညာသုံး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားသည်။

ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်အတွက်လည်း အခွင့်အလမ်းများစွာ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့် အစိတ်အပိုင်းများ ဖြစ်သည့်အတွက် ခရီးသွားများ စိတ်ဝင်စားသည့် ထုတ်ကုန်များကို ချဲ့ထွင်၍ရင်းနှီးမြှုပ်နှံကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားသည်။

မိမိတို့နိုင်ငံသည် ခရီးသွားအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့်အပြင် ရှိရင်းစွဲခရီးသွားအရင်းအမြစ်များကို စနစ်တကျရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် ခရီးစဉ်အသစ်များ ဖော်ထုတ်နိုင်ရန်လည်း အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများကိုလည်း လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများတွင် Green Energy အသုံးပြုမှုကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကမ္ဘာကြီးကို တည်ဆောက်ရန် တိုးတက်ပြောင်းလဲခြင်းများကို ဖော်ဆောင်ပေးနိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုများ၊ မဟာဗျူဟာမြောက် အစီအစဉ်များ၊ စေ့စပ်သေချာသည့် စောင့်ကြည့် ထိန်းကွပ်မှုများနှင့် တိကျရှင်းလင်းသည့် ဦးစားပေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားသည်။

ခရီးသွားလုပ်ငန်းသည် စီးပွားရေးကဏ္ဍတစ်ခုမျှ သာမကဘဲ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းသစ်များကိုပါ ဖန်တီး ပေးလျက်ရှိရာ အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သည့် အကျိုးဆက်များ ရရှိအောင် ဆက်လက်ထိန်းသိမ်း ပေးနိုင်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံတကာ အဆင့်အတန်းမီသည့် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန်လည်း လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကိုဖော် ဆောင်နိုင်သကဲ့သို့ ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ဖော်ဆောင်နိုင်ခြင်းကြောင့် ရှင်း လင်းတိကျသည့် ဦးစားပေးအစီအစဉ်များချမှတ်ပြီး နိုင်ငံတော်နှင့်ပြည်သူများ စဉ်ဆက် မပြတ်ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြံ့ကြံ့ခံနိုင်သည့် အနာဂတ်ကို တည်ဆောက် နိုင်ရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောကြားသည်။

ထို့နောက် UN Tourism အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ သတင်းစကားရုပ်သံ video clip နှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်း အမျိုးအစားများအကြောင်း Video Clip ကို ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များနှင့် ဖက်စပ်ဟိုတယ်များ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲနှင့် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ဆောင်းပါး ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ နှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent