မန်စီးတီးနဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း(၅)ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။
မော်လ်ဒိုဗာအသင်းကို (၁၁-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းက (၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင်အသင်းအတွက် (၅)ဂိုးသွင်းယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ဟာလန်းဟာ ကလပ်အသင်းမှာတော့ တစ်ပွဲတည်း (၅)ဂိုးသွင်းယူနိုင်တာ နှစ်ကြိမ်ရှိခဲ့ဖူးပြီး ၂၀၂၂-၂၃ ရာသီတုန်းက ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ လိုက်ပ်ဇစ်ကို (၇-၀)ဂိုးနဲ့ အနိုင်ရတုန်းက တစ်ကြိမ်၊ ၂၀၂၃-၂၄ ရာသီတုန်းက FA ဖလားမှာ လူတန်အသင်းကို (၆-၂)ဂိုးနဲ့ အနိုင်ရတုန်းက တစ်ကြိမ် သွင်းယူခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ လက်ရှိအချိန်မှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ဟက်ထရစ်(၂၆)ကြိမ်အထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် (၄၅)ပွဲမှာ (၄၈)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။
ဟာလန်းဟာ ၁၉၇၇ ခုနှစ်က တစ်ပွဲတည်းမှာ (၆)ဂိုးသွင်းယူခဲ့တဲ့ သြစတြီးယားကစားသမား ဟန်စ်ကရန်ကယ်လ်နောက်ပိုင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်ပွဲတည်း(၅)ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဥရောပကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။















