ကရင်အမျိုးသားအစည်းအရုံး(KNU)အား မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ

ကရင်အမျိုးသားအစည်းအရုံး(KNU)အား မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ
Published 28 August 2025

ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) အား မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ယနေ့(သြဂုတ် ၂၈ ရက်)တွင် ကြေညာလိုက်သည်။

နိုင်ငံတော်ယာယီသမ္မတသည် ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက်အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်ယာယီသမ္မတသည် မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၆ အရ အထက်ဖော်ပြပါ အဖွဲ့၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပါယ်ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ်ကြေညာလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာသည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေး ကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ် ၊ စက်ပစ္စည်း ကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ ဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း ၊ အတင်းအဓမ္မလူသစ် စုဆောင်းခြင်း၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော်အတွင်းအခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent