■ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်အားလုံးတွင် အုပ်စုနှစ်စုခွဲကာ လေးနာရီလာ လေးနာရီပြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေပြီး အချို့မြို့နယ်များ၌ မီးလာရမည့်အချိန်တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများရှိနေ

■ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်အားလုံးတွင် အုပ်စုနှစ်စုခွဲကာ လေးနာရီလာ လေးနာရီပြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေပြီး အချို့မြို့နယ်များ၌ မီးလာရမည့်အချိန်တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများရှိနေ
Published 4 August 2025

ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်အားလုံးတွင် အုပ်စုနှစ်စုခွဲကာ လေးနာရီလာ လေးနာရီပြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေကြောင်း သိရသည်။

ယခင်ကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုအနက် နှစ်ခုတွင် အုပ်စု သုံးစုခွဲကာ လျှပ်စစ်မီးပေးနေပြီး ခရိုင်နှစ်ခုတွင် အုပ်စုနှစ်စုခွဲကာ လျှပ်စစ်မီးပေးနေရာမှ ယခုလပိုင်းမှစတင်ကာ ခရိုင်အားလုံးတွင် အုပ်စု A နှင့် အုပ်စု B ဟူ၍ အုပ်စုနှစ်စုခွဲကာ ပေးဝေနေခြင်းဖြစ်သည်။

အုပ်စု တစ်ခုလျှင် လေးနာရီကြာ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး လေးနာရီပြည့်ပါက လေးနာရီ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်မီးအား အုပ်စုနှစ်စု အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေသော်လည်း မီးလာရမည့်အချိန်တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားနေသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူအချို့က ပြောကြားသည်။

“၉ နာရီလာရမယ့်အချိန်ကို မီးက ဆယ်မိနစ်လောက်ပဲ လာပြီး ပြန်ပြတ်သွားတယ်။ မီးပြတ်တာ တော်တော်ကြာနေပြီ” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အလားတူ အခြားသောမြို့နယ်များဖြစ်သည့် ဒေါပုံ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ အရှေ့ဒဂုံ အစရှိသည့် မြို့နယ်များတွင်လည်း မီးလာရမည့်အချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားနေသည်ဟု အဆိုပါ မြို့နယ်များတွင် နေထိုင်သူအချို့က ပြောကြားသည်။

ရန်ကုန်တိုင်းရှိ ခရိုင်နှစ်ခုကို ၄ နာရီအလှည့်ကျစနစ်၊ ကျန်ခရိုင်နှစ်ခုကို လေးနာရီလာ ရှစ်နာရီ ပိတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေပြီး ဓာတ်အားပိုမိုရရှိပါက ညပိုင်းတွင် အပိုဆောင်းပေးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ဖြေကြားထားသည်။

အထပ်မြင့်အဆောက်အအုံများပြားသည့် အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တို့တွင် ရေတင်ခြင်းကိစ္စဆောင်ရွက်နိုင်ရန်နှင့် နေထိုင်မှုအဆင်ပြေရန် အုပ်စု A နှင့် အုပ်စု B ဟု ခွဲခြားပြီး လေးနာရီ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့ကို လေးနာရီပေး ရှစ်နာရီဓာတ်အားပိတ်စနစ်ဖြင့် ပေးနေကြောင်း၊ ယင်းခရိုင်များမှာ ဓာတ်အားပေး ဧရိယာကျယ်ဝန်းခြင်း၊ ဓာတ်အားလိုင်းဝေးလံရှည်လျားခြင်း၊ ဓာတ်အားစနစ်တခါတရံ လျော့ပါးခြင်းဖြစ်လာသည့်အခါ ferquency Load Shed လုပ်ရသည့်အခြေအနေများကြောင့် ယင်းစနစ်ဖြင့် ဓာတ်အားပေးထားခြင်းဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မတ်လဆန်းပိုင်းက ထုတ်ပြန်သည်။

Most Read

Most Recent