ဆော်ဒီလိဂ်က စီရော်နယ်လ်ဒိုပြောသလို ကမ္ဘာ့အကောင်းဆုံးလိဂ်(၅)ခုထဲ မပါဝင်ဘူးလို့ မာရက်ဇ် ပြောကြား

ဆော်ဒီလိဂ်က စီရော်နယ်လ်ဒိုပြောသလို ကမ္ဘာ့အကောင်းဆုံးလိဂ်(၅)ခုထဲ မပါဝင်ဘူးလို့ မာရက်ဇ် ပြောကြား
Photo: Goal
Photo: Goal
Published 21 July 2025

ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှာ ကစားနေတဲ့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်က ဆော်ဒီလိဂ်ဟာ စီရော်နယ်လ်ဒိုပြောသလို ကမ္ဘာ့အကောင်းဆုံးလိဂ်(၅)ခုထဲ မပါဝင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လက်စတာနဲ့ မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မာရက်ဇ်ဟာ ၂၀၂၃ နွေရာသီမှာ အယ်လ်အာလီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်လစာ ပေါင်သန်း(၄၀)ကျော် ရရှိနေသူပါ။

အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ စီရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ဟာ ပြင်သစ်လီဂူးထက်ပိုကောင်းကြောင်းနဲ့ ကမ္ဘာ့အကောင်းဆုံးလိဂ် (၅)ခုစာရင်းထဲ ပါဝင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် အဲဒီစကားကို သဘောတူသလားလို့ ပြင်သစ်သတင်းစာ L' Equipe က မာရက်ဇ်ကို မေးမြန်းခဲ့တာပါ။

မာရက်ဇ်က ''မတူပါဘူး။ ဥရောပထိပ်သီးလိဂ်(၅)ခုက ကျွန်တော်တို့အထက်မှာ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တခြားလိဂ်တွေနဲ့ စတင်ယှဉ်ပြိုင်နိုင်နေပါပြီ။ ကျွန်တော်တို့နဲ့ သိပ်မကွာခြားတော့ဘူးလို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ရေရှည်ကြည့်ရမှာပါ။ ကျွန်တော်တို့က ဒီမှာ စွန့်စားခန်းစဖွင့်ခဲ့တဲ့ စွန့်ဦးသမားတွေလိုပါပဲ။ ဒီလိဂ် ပိုပြီးအားကောင်းလာအောင် ကျွန်တော်တို့ ကူညီပေးနေတာပါ'' လို့ ပြောကြားခဲ့ပါတယ်။

အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ မာရက်ဇ်က မာဆေးလ်အသင်းမှာ ကစားချင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent