နာမည်ကျော် ဗြိတိန်ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက ဘရန့်ဖို့ဒ်အသင်းမှ ကင်မရွန်းလက်ရွေးစင်တိုက်စစ်ကစားသမား အမ်ဘူမိုသည် မန်ယူနိုက်တက်အသင်းထံပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမ်ဘူမို(၂၅ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် ဘရန့်ဖို့ဒ်အသင်း၌ ပြိုင်ပွဲစုံ(၄၂)ပွဲကစားခဲ့ရာ ဂိုး(၂၀)သွင်းပြီး ခြေစွမ်းပြခဲ့သောကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသည်။
အမ်ဘူမိုက အဆိုပါအသင်းများထဲမှ မန်ယူနိုက်တက်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေးဗစ်အွန်စတိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မန်ယူအသင်းက ၎င်းကို ခေါ်ယူရန် မကြာမီ တရားဝင်ကမ်းလှမ်းဖွယ်ရှိကြောင်းလည်း ဆိုခဲ့သည်။
အမ်ဘူမိုသည် ၂၀၁၉ ခုနှစ်တွင် ပြင်သစ်ကလပ် ထရွိုင်စ်အသင်းမှ ဘရန့်ဖို့ဒ်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဘရန့်ဖို့ဒ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄၂ ပွဲကစားကာ ဂိုး ၇၀ သွင်းယူပေးထားခဲ့သည်။
ဘရန့်ဖို့ဒ်အသင်းက အမ်ဘူမို၏ပြောင်းရွှေ့ကြေးအတွက် ပေါင် သန်း ၅၀ နှင့်အထက် အလိုရှိနေသည်။















