လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာက မိမိအနေဖြင့် အသက် (၄၀) အထိ ဘောလုံးကစားနိုင်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် ပြီးခဲ့သည့်ဧပြီလကမှ လီဗာပူးလ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။
သို့သော် ဆာလာက အဆိုပါစာချုပ်မှာ ၎င်း၏ကစားသမားဘဝတွင် နောက်ဆုံးစာချုပ်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာလာက ''ကျွန်တော် ကစားနိုင်သေးတယ်လို့ ခံစားမိတဲ့အချိန်ထိ ဆက်ကစားနေမှာပါ။ တကယ်လို့ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို ဘယ်အချိန်ထိ ဘောလုံးကစားဦးမလဲလို့ မေးလာခဲ့မယ်ဆိုရင် အသက် (၃၉) ဒါမှမဟုတ် (၄၀) အထိ ကစားဦးမယ်လို့ ကျွန်တော် ပြန်ဖြေမှာပါ။ တကယ်လို့ အဲဒီအရွယ်မတိုင်ခင် ကျွန်တော့်အနေနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူသင့်ပြီလို့ ခံစားရမယ်ဆိုရင်လည်း အနားယူသွားမှာပါ။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝမှာ အောင်မြင်မှုတွေအများကြီး ရြ့ပီးပါပြီ''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆာလာက လီဗာပူးလ်အသင်းတွင် (၂) ရာသီ ပျော်ရွှင်စွာ ကစားဦးမည်ဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်ပြီး စဉ်းစားဦးမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဆာလာသည် ပြီးခဲ့သည့် ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ် (၃၈) ပွဲတွင် (၂၉) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၈) ကြိမ်ပြုလုပ်ပေးခဲ့ပြီး ရွှေဖိနပ်ဆုနှင့် ဖန်တီးရှင်ဆု (၂) ဆုစလုံးကို ရရှိခဲ့သည်။
အသက် (၄၀) အထိ ဘောလုံးကစားနိုင်ကြောင်း လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာ ပြောကြား
Most Read
Most Recent
12 hours ago















