■ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ အင်္ဂလန်ကလပ် မန်ယူနှင့် စပါးတို့ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်း၌ တတိယမြောက် All English Final အဖြစ် မှတ်တမ်းဝင်

■ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ အင်္ဂလန်ကလပ် မန်ယူနှင့် စပါးတို့ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်း၌ တတိယမြောက် All English Final အဖြစ် မှတ်တမ်းဝင်
Published 9 May 2025

၂၀၂၄-၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ အင်္ဂလန်ကလပ်နှစ်သင်းဖြစ်သည့် မန်ယူနှင့် စပါးတို့ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်း၌ တတိယမြောက် All English Final အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

    

ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့သည့် ဆီမီးဖိုင်နယ်ဒုတိ ယအကျော့ပွဲစဉ်များတွင် စပါးက ဘိုဒယ်ဂလင့်ကို (၂-၀)ဂိုး ဖြင့် အနိုင်ရရှိပြီး မန်ယူက ဘီလ်ဘာအိုကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

ထို့ကြောင့် စပါးက ဘိုဒယ်ဂလင့်ကို နှစ်ကျော့ပေါင်းရလဒ် (၅-၁)ဂိုး၊ မန်ယူက ဘီလ်ဘာအိုကို နှစ်ကျော့ပေါင်းရလဒ်(၇-၁)ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး အင်္ဂလန်ကလပ်နှစ်သင်း ဗိုလ်လုပွဲ ဆင်နွှဲရမည့် All English Final ဖြစ်လာခဲ့ခြင်းဖြစ်သည်။ 

ယူရိုပါလိဂ်(ယခင် UEFA Cup )ပြိုင်ပွဲကို ၁၉၇၁-၇၂ ရာသီတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သောကြောင့် ယခုရာသီမှာ (၅၄)ကြိမ်မြောက်ဖြစ်သည်။ 

ပထမဆုံးကျင်းပခဲ့သည့် ၁၉၇၁-၇၂ ရာသီတွင် စပါးနှင့် ဝုလ်ဗ်အသင်းတို့၏ All English Final ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၁၈-၁၉ ရာသီ၌ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့၏ All English Final ကို ဒုတိယအကြိမ် မြင်တွေ့ခဲ့ရသည်။ 

ယခုအခါ တတိယမြောက် All English Final အဖြစ် စပါးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယခုရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဘီလ်ဘာအိုအသင်း၏ကွင်း၌ မေလ(၂၁)ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် မန်ယူအသင်းက ချန်ပီယံဆုရရှိရန် ပိုမိုရေပန်းစားနေသည်။ မန်ယူနှင့် စပါးတို့သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရုန်းကန်နေရပြီး ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့ရသော်လည်း ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိမည်ဖြစ်သည်။ 

ထို့ကြောင့် လာမည့်ရာသီ၌ ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ကလပ် (၆)သင်းအထိ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

    

ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင်လည်း အင်္ဂလန်ကလပ် ချယ်လ်ဆီးအသင်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ 

Most Read

Most Recent