မီနိုင်ဦးမလား

မီနိုင်ဦးမလား
Photo : X
Photo : X
Published 8 May 2025
Wai Yan Aung

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်၊ ပြင်သစ်လီဂူးမှာ PSG စသဖြင့် ချန်ပီယံဆုအတွက် အဖြေတွေ ထွက်ပေါ်ခဲ့ပါ ပြီ။ လာလီဂါနဲ့ စီးရီးအေကတော့ အဖြေမထွက်သေးပါဘူး။ လာလီဂါမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)မှတ်အကွာနဲ့ အပြိုင်ပြေးနေသလို၊ စီးရီးအေမှာလည်း နာပိုလီနဲ့ အင်တာမီလန်တို့ (၃)မှတ်အကွာနဲ့ အကြိတ်အနယ်ဖြစ်နေပါတယ်။ စီးရီးအေရဲ့ အမှတ်ကွာဟမှုက လာလီဂါထက် ပိုမိုနည်းပါးနေပေမဲ့ ပွဲကျန်အနေအထားအရတော့ လာလီဂါချန်ပီယံလုပွဲက ပိုပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်၊ ပြင်သစ်လီဂူးမှာ PSG စသဖြင့် ချန်ပီယံဆုအတွက် အဖြေတွေ ထွက်ပေါ်ခဲ့ပါ ပြီ။ လာလီဂါနဲ့ စီးရီးအေကတော့ အဖြေမထွက်သေးပါဘူး။ လာလီဂါမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)မှတ်အကွာနဲ့ အပြိုင်ပြေးနေသလို၊ စီးရီးအေမှာလည်း နာပိုလီနဲ့ အင်တာမီလန်တို့ (၃)မှတ်အကွာနဲ့ အကြိတ်အနယ်ဖြစ်နေပါတယ်။ စီးရီးအေရဲ့ အမှတ်ကွာဟမှုက လာလီဂါထက် ပိုမိုနည်းပါးနေပေမဲ့ ပွဲကျန်အနေအထားအရတော့ လာလီဂါချန်ပီယံလုပွဲက ပိုပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လာလီဂါမှာက ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ ထိပ်တိုက်ရင်ဆိုင်ရ မယ့် အမှတ်လုပွဲတစ်ပွဲ ကျန်နေသေးတာကြောင့်ပါ။ အဲဒီပွဲမှာသာ ရီးယဲလ်မက်ဒရစ်အသင်း အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံမျှော်လင့်ချက်တွေ ပြန်လည်တောက်ပလာမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ (၇)မှတ်ကွာအနေအထားနဲ့ မျှော်လင့်ချက် အဆုံးသတ်သွားမှာပါ။ ဒါကြောင့် နှစ်သင်းထိပ်တိုက်ရင်ဆိုင်ရမယ့် လာမယ့် El Clásico ပွဲစဉ်က ရီးယဲလ်အသင်းအတွက် ပိုပြီးအရေးကြီးနေတယ်လို့ ဆိုနိုင်ပေမဲ့ ဘာစီလိုနာအသင်းအတွက်လည်း ပန်းဝင်ခါနီးမှ မြင်းကောင်းခွာလိပ်မဖြစ်အောင် ဂရုစိုက်ရမယ့်ပွဲ ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဒီရာသီ လာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် El Clásico လို့လည်း ဆိုနိုင်ပါလိမ့်မယ်။

နောက်ဆုံးအခွင့်အရေး

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကလည်း လာမယ့် El Clásico က သူတို့အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်လို့ သုံးသပ်ထားပါတယ်။ "အဲဒီပွဲက ကြီးမားတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သေချာပြင်သွားမှာပါ။ အဆုံးအဖြတ်ပွဲလို့တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလောက်နီးနီးပါပဲ။ ကျွန်တော်တို့ အနိုင်ရရင် သူတို့နောက် တစ်မှတ်အကွာဖြစ်သွားမှာပါ။ ပြိုင်ပွဲက ဘာစီလိုနာရဲ့ လက်ထဲမှာပဲ ဆက်ရှိမှာဖြစ်ပေမဲ့ ကျွန်တော်တို့ အခွင့်အရေး ပိုရှိလာမှာပါ" လို့ အန်ဆယ်လော့တီက ဆိုခဲ့တာပါ။ သူ မျှော်လင့်ထားသလို ရီးယဲလ်က ဘာစီလိုနာကို အနိုင်ရခဲ့မယ်ဆိုရင် တစ်မှတ်အကွာနဲ့ လက်ကျန်(၃)ပွဲကို ဆက်လက် ယှဉ်လုသွားရမယ့်အခြေအနေဖြစ်ပါတယ်။ El Clásico အလွန် ပွဲစဉ်ဇယားကတော့ ဘာစီလိုနာအသင်းက အက်စ်ပန်ညို(အဝေးကွင်း)၊ ဗီလာရီးယဲလ်(အိမ်ကွင်း)၊ ဘီလ်ဘာအို(အဝေးကွင်း)ပွဲစဉ်တွေ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရီးယဲလ်အသင်းက မာယော့ကာ(အိမ်ကွင်း)၊ ဆီဗီလာ(အဝေးကွင်း)၊ ဆိုစီဒက်(အိမ်ကွင်း)ပွဲစဉ်တွေ ယှဉ်ပြိုင်သွားရမှာပါ။ ဒီတော့ ဘာစီလိုနာက ပွဲပိုကျပ်သလို အနေအထားမျိုးလည်း ဖြစ်နေပါတယ်။ (၄)မှတ်ဖြတ်ထားရာက တစ်မှတ်သာကွာဟတော့တဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့ရင် ပြိုင်ဘက်နှစ်သင်းကြားမှာ ဖြစ်ပေါ်လာမယ့် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေကိုလည်း သတိပြုရမယ့်အခြေအနေရှိနေပါတယ်။ အန်ဆယ်လော့တီ ပြောသလိုပဲ El Clásico မှာ ရှုံးခဲ့ရင်လည်း ဘာစီလိုနာအသင်းက ဦးဆောင်သူနေရာမှာ ဆက်ရှိနေမှာဖြစ်ပြီး လက်ကျန်(၃)ပွဲမှာ အမှားမလုပ်ခဲ့ရင် ချန်ပီယံဆုကို ရယူသွားနိုင်မှာပါ။ ဒါပေမဲ့ ရှုံးနိမ့်ခဲ့ရင် ကစားသမားတွေရော နည်းပြပါ စိုးရိမ်စိတ်တွေ၊ ဖိအားတွေနဲ့ ဖြစ်သွားခဲ့မှာပါ။ အဲဒီအချိန်မှာ ရီးယဲလ်ကစားသမားတွေနဲ့ အန်ဆယ်လော့တီတို့ကတော့ ဆန့်ကျင်ဘက်အသွင်ဆောင် သွားမှာပါ။ နောက်ကလိုက်နေရတော့ ရီးယဲလ်အသင်းအတွက်ကတော့ တစ်ခုတည်းသာကျန်တော့တဲ့ အခွင့်အရေးကို အမိအရအသုံးချနိုင်ဖို့သာ ကြိုးစားရမယ့်ပွဲဖြစ်နေပါတယ်။ လာမယ့် El Clásico က ရီးယဲလ်အသင်းအတွက် နိုင်ကိုနိုင်ရမယ့်ပွဲ ဖြစ်နေပါတယ်။ ဒီပွဲက အန်ဆယ်လော့တီရဲ့ ဂုဏ်သိက္ခာအတွက်လည်း အရေးပါနေပါတယ်။ ဝါရင့် အီတလီနည်းပြ အန်ဆယ်လော့တီက ရီးယဲလ်အသင်းကို ဒုတိယအကြိမ် တစ်ကျော့ပြန်ကိုင်တွယ် နေတာပါ။ သူက ၂၀၁၃ ကနေ ၂၀၁၅ အထိ ပထမအကြိမ် ကိုင်တွယ်စဉ်မှာ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်တဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အရယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄-၁၅ ရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် ရီးယဲလ်အသင်းနဲ့ လမ်းခွဲခဲ့ရပြီး ၂၀၂၁ နွေရာသီမှာ ဒုတိယအကြိမ် ပြန်ရောက်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ သူက ဆုဖလားအောင် ပွဲတွေ ပိုမိုရယူနိုင်ခဲ့ပါတယ်။ ပထမတစ်ကြိမ်တုန်းက မရယူနိုင်ခဲ့တဲ့ လာလီဂါချန်ပီယံဆုတွေလည်း ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားလည်း နှစ်ကြိမ် ထပ်ယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ရာသီကုန်ရင် လမ်းခွဲတော့မယ်ဆိုတဲ့သတင်းတွေ ထွက်လာပါတယ်။ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးပေမဲ့ ဖလော်ရင်တီနိုပီရက်ဇ်က အနာဂတ်ရည်မှန်းချက်အသစ်တွေအတွက် အပြောင်းအလဲလုပ်ဖို့ ဆန္ဒရှိနေတာကြောင့်လို့ ဆိုပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့ရင်လည်း အခြေအနေက ပြောင်းလဲမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။ အန်ဆယ်လော့တီက ဘရာဇီးလ်လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ပြီး ရီးယဲလ်နည်းပြသစ်အဖြစ် ရှာဘီအလွန်ဆိုကို မြင်တွေ့ရလိမ့်မယ်လို့လည်း တချို့မီဒီယာတွေက အခိုင်အမာဆိုနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အန်ဆယ်လော့တီအနေနဲ့ ရီးယဲလ်အသင်းကို မှတ်တမ်းကောင်းတွေနဲ့ ခွဲခွာသွားချင်မှာတော့ သေချာပါတယ်။ နောက်ဆုံးရာသီမှာ ဖလားလက်မဲ့ ဖြစ်ရတာထက် ဆုဖလားတစ်ခုခု ရယူပေးနိုင်ခဲ့ရင်တော့ လှပတဲ့ နှုတ်ဆက်လမ်းခွဲမှု ဖြစ်လာမှာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်က ထွက်ခဲ့ရပြီး စပိန်ဘုရင့်ဖလားမှာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ ရီးယဲလ်အသင်းအနေနဲ့ မျှော်လင့်စရာက (၄)မှတ်ပြတ်နေတဲ့ လာလီဂါချန်ပီယံဆုတစ်ခုသာ ရှိပါတော့တယ်။ အဲဒီလက်ကျန်မျှော်လင့်ချက်ကလည်း El Clásico မှာသာ ရှုံးနိမ့်ခဲ့ရင် တစ်စစီ ပြိုကွဲသွားတော့မှာပါ။ အဲဒီလိုမဖြစ်အောင် အန်ဆယ်လော့တီနဲ့ ရီးယဲလ်ကြယ်ပွင့်တွေ စွမ်းဆောင်နိုင်ပါ့မလား။ 

ရာနှုန်းပြည့်အရှုံး

El Clásico လို့ တင်စားသတ်မှတ်ထားကြတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ထိပ်တိုက်ဆုံတွေ့မှုမှတ်တမ်းမှာ ရီးယဲလ်အသင်းက နိုင်ပွဲပိုရတဲ့အသင်းအဖြစ် ရပ်တည်နေပေမဲ့ ခြားနားမှုက နည်းနည်းလေးသာ ရှိပါတော့တယ်။ ပြိုင်ပွဲစုံပွဲပေါင်း (၂၆၀)ယှဉ်ပြိုင်ခဲ့ရာမှာ ရီးယဲလ်အသင်းက (၁၀၅)ပွဲနိုင်၊ ဘာစီလိုနာအသင်းက (၁၀၃)ပွဲနိုင်ပြီး ကျန်(၅၂)ပွဲက သရေကျခဲ့တာပါ။ ဘာစီလိုနာအသင်း (၂)ပွဲအကွာအထိ ကပ်လိုက်လာနိုင်တာကတော့ ဒီရာသီရလဒ်တွေကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီရာသီမှာ ဘာစီလိုနာအသင်းက ရီးယဲလ်ကို ဆုံတွေ့ခဲ့တဲ့ (၃)ပွဲစလုံး အနိုင်ယူခဲ့ပါတယ်။ ရီးယဲလ်ကို ရာနှုန်းပြည့်အရှုံးနဲ့ ရင်ဆိုင်ရစေတဲ့အထိ ထိုးနှက်ခဲ့တာဖြစ်ပါတယ်။ လာလီဂါပထမအကျော့တုန်းက ဘာနေဗျူးကွင်းမှာ (၄-ဝ)ဂိုးနဲ့ အလဲထိုးသွားခဲ့သလို၊ စပိန်စူပါဖလားမှာလည်း (၅-၂)ဂိုးနဲ့ ထပ်အနိုင်ယူခဲ့ပါတယ်။ ပြီးတော့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ အချိန်ပိုဂိုးနဲ့ ထပ်ပြီးအနိုင်ယူခဲ့ပါတယ်။ အန်ဆယ်လော့တီနဲ့ ရီးယဲလ်အသင်းအတွက် ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေတဲ့ ရလဒ်တွေလို့ ဆို ရမှာဖြစ်ပြီး လာမယ့်ပွဲမှာ ထပ်ရှုံးခဲ့မယ်ဆိုရင်တော့ အန်ဆယ်လော့တီအတွက် ရီးယဲလ်နည်းပြဘ၀ နောက်ဆုံးရာသီက မေ့ပစ်ချင်စရာ ဖြစ်သွားမှာပါ။ တကယ်တော့ အန်ဆယ်လော့တီရဲ့ နည်းပြဘဝမှာ ရှုံးပွဲအများဆုံးကြုံတွေ့ထားတဲ့ ပြိုင်ဘက်ကလည်း ဘာစီလိုနာပါပဲ။ နည်းပြဘဝကို အီတလီနိုင်ငံမှာ အများဆုံးကျင်လည်ဖြတ်သန်းခဲ့တဲ့ အန်ဆယ်လော့တီအတွက် အများဆုံးရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေကတော့ အီတလီကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ ရိုးမားနဲ့ လာဇီယိုတို့ပါ။ အဲဒီအသင်းတွေနဲ့ (၃၄)ပွဲစီအထိ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာစီလိုနာနဲ့ကတော့ (၂၅)ပွဲသာ ရင်ဆိုင်ခဲ့ရပေမဲ့ (၁၂)ပွဲအထိ ရှုံးနိမ့်ပြီး ရှုံးပွဲအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေတာပါ။ အီတလီကလပ်တွေထဲမှာ အများဆုံးရှုံးနိမ့်ခဲ့တာက (၁၁)ပွဲစီ ရံှုံးနိမ့်ခဲ့တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ပါ။ ဒါပေမဲ့ အန်ဆယ်လော့တီက ဘာစီလိုနာအသင်းကို တစ်ဖက်သတ်အရှုံးပေး ထားရတာတော့ မဟုတ်ပါဘူး။ (၁၀)ပွဲ အနိုင်ရခဲ့ပါ တယ်။ အန်ဆယ်လော့တီနဲ့ ဘာစီလိုနာအသင်းရဲ့ မှတ်တမ်းက သရေပွဲနည်းပါးပြီး အရှုံး၊ အနိုင် အဖြေပေါ်တာ များပြားတဲ့သဘောလည်း ဖြစ်ပါတယ်။ လာမယ့်ပွဲမှာလည်း နှစ်သင်းစလုံးက အနိုင်ရလဒ်ကို ဦးတည်ယှဉ်ပြိုင်ကြမှာဖြစ်လို့ ဘယ်သူ အနိုင်ရ မလဲဆိုတာကိုပဲ အဓိကစောင့်ကြည့်ရဖို့ ရှိနေပါတယ်။ အမှတ်ဖြတ်ထားတဲ့ ဘာစီလိုနာအသင်းအတွက် (၃)မှတ်ရဖို့ အားထုတ်စရာမလိုဘူးဆိုပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာလာခဲ့ရတဲ့ အခြေအနေကြောင့် ကျားနာခဲ ခဲချင်သလို ဖြစ်နေနိုင်သလို၊ ကစားရမှာကလည်း အိမ်ကွင်းဖြစ်နေတာကြောင့်ပါ။ ပြီးတော့ လာလီဂါပြိုင်ပွဲမှာ အမှားမလုပ်မိဖို့လည်း လိုအပ်တာကြောင့်ပါ။ ဒီပွဲမှာ အန်ဆယ်လော့တီနည်းတူ ဂုဏ်သိက္ခာပိုင်းအရ အရေးပါနေတဲ့ နောက်တစ်ယောက်ကတော့ ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေပါ။ အမ်ဘာပေက စိတ်ကူးအိပ်မက် တစ်ပွေ့တစ်ပိုက်နဲ့ ရီးယဲလ်အသင်းဆီ ရွက်လွှင့်ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ ပွဲဦးထွက်ရာသီက  မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ဖလားလက်မဲ့ ဖြစ်ဖို့ နီးစပ်နေတဲ့အပြင် မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကိုပါ ပွဲတိုင်းရှုံးရမယ်ဆိုရင် လှောင်ပြောင်ချင်စရာ ပိုဖြစ်သွားမှာပါ။ သူ့အနေနဲ့ ဆုဖလားအောင်ပွဲတွေနဲ့ ဝေးခဲ့ရင်တောင် လာလီဂါဂိုး သွင်းဘုရင်ဆု ရယူနိုင်ခဲ့မယ်ဆိုရင်တော့ ဖြေသာစရာဖြစ်လာမှာပါ။ အဲဒီဆုအတွက် ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ပြိုင်ဆိုင်နေရတဲ့ အခြေအနေကလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ တစ်ဂိုးသာကွာတဲ့ လီဝန်ဒေါစကီးကို အမ်ဘာပေ ကျော်ဖြတ်နိုင်မလား၊ (၄)မှတ်ဖြတ်ထားတဲ့ ဘာစီလိုနာအသင်းကို ရီးယဲလ် အမီပြန်လိုက်နိုင်မလားဆိုတာ . . . ။

Photo : X

Most Read

Most Recent