အာဆင်နယ်သာ ပြန်လာနိုင်ခဲ့ရင် . . . . 

အာဆင်နယ်သာ ပြန်လာနိုင်ခဲ့ရင် . . . . 
Photo : X
Photo : X
Published 5 May 2025
Wai Yan Aung

ချန်ပီယံလိဂ်မှာသာ အောင်မြင်မှုရယူနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရပ်တည်မှုကို အရေးစိုက်စရာ မလိုပေမဲ့ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်က ထွက်ခဲ့ရမယ်၊ ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာက ဖယ်ပေးခဲ့ရမယ်ဆိုရင်တော့ အာဆင်နယ်အသင်းအတွက် ဖွတ်လည်းမရ၊ ဓားမလည်း ဆုံးတဲ့ရာသီ ဖြစ်သွားမှာပါ။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ရလဒ်

အာဆင်နယ် ဝ-၁ PSG

ဘာစီလိုနာ ၃-၃ အင်တာမီလန်

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ရလဒ်

စပါး ၃-၁ ဘိုဒယ်ဂလင့်

ဘီလ်ဘာအို ဝ-၃ မန်ယူ

ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ရလဒ်

ဘက်တစ် ၂-၁ ဖီအိုရင်တီးနား

ယာဂါးဒန်း ၁-၄ ချယ်လ်ဆီး

ဥရောပပြိုင်ပွဲ(၃)ခုရဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ရလဒ်တွေကို ကြည့်လိုက်ရင် အင်္ဂလန်ကလပ်တွေထဲမှာ အာဆင်နယ်တစ်သင်းတည်းသာ ရှုံးနိမ့်ခဲ့ပြီး ကျန်(၃)သင်းက ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့တာ တွေ့ရမှာပါ။ ဒီတော့ ဒုတိယအကျော့မှာ အာဆင်နယ်အသင်းသာ Comeback ရလဒ်နဲ့ ပြန်လာနိုင်ခဲ့မယ်ဆိုရင် ပြိုင်ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲတွေမှာ အင်္ဂလန်ကလပ်တွေ ပါဝင်ဆင်နွှဲခွင့်ရတာကို မြင်တွေ့ရနိုင်ခြေရှိနေပါတယ်။ ဒီလိုသာဆိုရင် ပြိုင်ပွဲ(၃)ခုစလုံးရဲ့ ချန်ပီယံဆုတွေကိုလည်း မျှော်လင့်ခွင့်ရှိလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယူရိုပါလိဂ်မှာ မန်ယူနဲ့ စပါးတို့က All-English Final အဖြစ် ဖန်တီးနိုင်ဖို့ အလားအလာများနေသလို၊ ကွန်းဖရန့်လိဂ်မှာလည်း ချယ်လ်ဆီးက ဗိုလ်စွဲနိုင်ခြေအရှိဆုံးအသင်း ဖြစ်နေတာကြောင့်ပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ကသာ အရေးအကြီးဆုံးဖြစ်နေပြီး အဲဒီအတွက် အာဆင်နယ်အသင်း ပြန်လာနိုင်မလားဆိုတဲ့ အချက်ကပဲ အဓိကကျနေပါတယ်။ ကစားရမှာက အဝေးကွင်းဖြစ်နေတာကြောင့် မလွယ်ကူဘူးလို့ ဆိုနိုင်ပေမဲ့ ချေဖျက်ရမယ့်ရလဒ်က (ဝ-၁)ဂိုးသာ ဖြစ်တာကြောင့် မဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါ ဘူး။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ (ဝ-၁)အရံှုံးကို Comeback ပြန်လုပ်နိုင်ခဲ့တဲ့အသင်းတွေလည်း အများကြီးပါ။ 

ပြင်သစ်မှတ်တမ်း

အိမ်ကွင်းမှာ (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးမှ Comeback ပြန်လုပ်နိုင်တဲ့အသင်းတောင် ရှိပါသေးတယ်။ အဲဒီအသင်းကတော့ မန်ယူပါ။ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ PSG အသင်းနဲ့ ဆုံတွေ့တော့ ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ (၃-၁)ဂိုးနဲ့ ပြန်အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ အဲဒီတုန်းက အဝေးဂိုးစည်း မျဉ်းရှိခဲ့တာကြောင့် မန်ယူအသင်းက အဲဒီအခွင့်အရေးကို အသုံးချနိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အဝေးဂိုးစည်းမျဉ်းကို ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့် နှစ်ကျော့ပေါင်း သရေရလဒ်ထွက်ပေါ်နေခဲ့ရင် အချိန်ပိုဆက်ကစားရမှာပါ။ ထူးခြားတာတစ်ခုကတော့ PSG က ချန်ပီယံလိဂ်ရဲ့ Comeback တွေနဲ့ အဆက်အစပ်များတဲ့ အသင်းတစ်သင်းဖြစ်နေတာပါပဲ။ ချန်ပီယံလိဂ်ရဲ့ Comeback မှတ်တမ်းမှာ PSG အသင်းကို အကြိမ်ကြိမ်မြင်တွေ့ရပါတယ်။ မန်ယူအသင်းကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရပြီးမှ ပြန်အရံှုံးပေးခဲ့ရတာရှိသလို၊ သူတို့က Comeback ပြန်လုပ်နိုင်တဲ့ပွဲတွေလည်း ရှိခဲ့ပါတယ်။ PSG အသင်း အိမ်ကွင်းအရှုံးကို ပြန်ချေဖျက်နိုင်ခဲ့တဲ့ပွဲတွေကတော့ တစ်ဂိုးအရှုံးကနေ ပြန်လာနိုင်ခဲ့တာပါ။ ၂၀၂၃-၂၄ ရာသီ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးမှ (၄-၁) ဂိုးနဲ့ ပြန်အနိုင်ရခဲ့သလို၊ ဒီရာသီ (၁၆)သင်းအဆင့်မှာလည်း လီဗာပူးလ်ကို (ဝ-၁)ဂိုးနဲ့ ရှုံးနိမ့်ပြီးမှ (၁-ဝ)ဂိုးနဲ့ ပြန်အနိုင်ယူပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်ခဲ့တာပါ။ အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကို Comeback ပြန်လုပ်နိုင်တဲ့ အသင်းတွေကတော့ ချန်ပီယံလိဂ်သမိုင်းမှာ အများကြီးရှိနေပြီး အဲဒီစာရင်းမှာတော့ PSG အသင်းက မှတ်တမ်းဆိုးကိုသာ ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၆-၁၇ ရာသီ ရှုံးထွက်(၁၆)သင်းအဆင့်မှာတုန်းက အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီးမှ ဒုတိယအကျော့ကို (၁-၆)ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရဖူးပါတယ်။ ၂၀၁၃-၁၄ ရာသီ ကွာတားဖိုင်နယ်မှာလည်း ချယ်လ်ဆီးကို (၃-၁)ဂိုး နဲ့ အနိုင်ရခဲ့ပြီးမှ (ဝ-၂)ဂိုးနဲ့ ပြန်ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဒီတော့ PSG အသင်း Comeback လုပ်နိုင်ခဲ့တဲ့ပွဲထွက် Comeback အလုပ်ခံခဲ့ရတဲ့ပွဲအရေအတွက်က ပိုများနေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်း Comeback မလုပ်နိုင်အောင် တားဆီးသွားနိုင်ပါ့မလားဆိုတာကလည်း စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ အာဆင်နယ်အသင်းက ပြင်သစ်ကလပ်တွေနဲ့ ယှဉ်ပြိုင်ရာမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်တာကိုလည်း တွေ့ရပါတယ်။ ပြင်သစ်ကလပ်(၉)သင်းနဲ့ ပွဲပေါင်း(၃၀) ယှဉ်ပြိုင်ကစားခဲ့ရာမှာ အာဆင်နယ်အသင်းက (၁၆)ပွဲနိုင်၊ (၉)ပွဲသရေ၊ (၅)ပွဲရှုံးရလဒ် ရယူနိုင်ခဲ့တာပါ။ PSG အသင်းကို ပြီးခဲ့တဲ့ပွဲစဉ်မှာမှ ပထမဆုံးအကြိမ် အရှုံးပေးခဲ့ရတာဖြစ်ပြီး ပါရီမှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ နှစ်ပွဲစလုံး သရေကျခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲမှာ အာဆင်နယ်အသင်း လိုအပ်နေတာက သရေရလဒ် မဟုတ်ပါဘူး။ အနည်းဆုံး (၁-ဝ)ဂိုးနဲ့ ပြန်အနိုင်ယူဖို့ လိုအပ်နေတာဖြစ်ပြီး ဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတာကတော့  လက်တွေ့ယှဉ်ပြိုင်မှပဲ အဖြေသိနိုင်မှာပါ။ ရီးယဲလ်လို လက်ရှိချန်ပီယံအသင်းကို အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာကောင်းခဲ့ပေမဲ့ လတ်တလောခြေစွမ်းကတော့ အားရစရာသိပ်မကောင်းပါဘူး။ အမာခံကစားသမားတွေ ပွဲထုတ်ယှဉ်ပြိုင်နေပေမဲ့ ပဲလေ့စ်နဲ့ သရေကျပြီး ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တာတွေက စိတ်ပျက်စရာကောင်းပါတယ်။ ဒါကြောင့် ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်တဲ့အခြေအနေ ဖြစ်ခဲ့သလို၊ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာကို ထိန်းနိုင်ပါ့မလားဆိုတာလည်း သံသယဝင်စရာဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ တတိယနေရာက မန်စီးတီးနဲ့ (၃)မှတ်သာကွာဟတော့တဲ့အပြင် ပွဲကျန်အနေအထားမှာလည်း မန်စီးတီးက ပိုချောင်နေတာကြောင့်ပါ။ ချန်ပီယံလိဂ်မှာသာ အောင်မြင်မှုရယူနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရပ်တည်မှုကို အရေးစိုက်စရာမလိုပေမဲ့ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်က ထွက်ခဲ့ရမယ်၊ ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာက ဖယ်ပေးခဲ့ရမယ်ဆိုရင်တော့ အာဆင်နယ်အသင်းအတွက် ဖွတ်လည်းမရ၊ ဓားမလည်း ဆုံးတဲ့ရာသီ ဖြစ်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် အခုတော့ ပါရီမှာ PSG အသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့သာ အားကုန်ထုတ်ရတော့မှာပါ။

အင်္ဂလန်များ

ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာတော့ မန်ယူ၊ စပါးနဲ့ ချယ်လ်ဆီးတို့က ဗိုလ်လုပွဲဆီ ခြေတစ်ဖက် လှမ်းထားခဲ့ကြပါပြီ။ တကယ်တော့ ချန်ပီယံလိဂ်အပါအဝင် ဥရောပပြိုင်ပွဲ(၃)ခုစလုံးမှာ အင်္ဂလန်ကလပ်တွေက ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ခွင့်ရှိခဲ့သလို၊ စပိန်ကလပ်တွေလည်း မျှော်လင့်ခွင့်ရှိခဲ့တာပါပဲ။ ပြိုင်ပွဲတိုင်းရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အင်္ဂလန်ကလပ်တွေတက်ရောက်နိုင်ခဲ့သလို၊ စပိန်ကလပ်တွေလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ ယူရိုပါလိဂ်မှာ ဘီလ်ဘာအို၊ ကွန်းဖရန့်လိဂ်မှာ ဘက်တစ်တို့ တက်ရောက်ခဲ့တာပါ။ ဒါပေမဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ရလဒ်တွေအရ မန်ယူအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ ဘီလ်ဘာအိုအသင်းက မျှော်လင့်ချက်မရှိတော့သလောက် ဖြစ်သွားပါတယ်။ ဘာစီလိုနာက အင်တာမီလန်နဲ့ သရေကျခဲ့ပြီး ဘက်တစ်ကတော့ ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲတက်၊ မတက်ဆိုတာ ခန့်မှန်းရခက်တဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။ ဆိုလိုတာက မန်ယူ၊ စပါး၊ ချယ်လ်ဆီးတို့လို ပြတ်သားတဲ့နိုင်ပွဲတွေ ရယူနိုင်ခဲ့ခြင်းမဟုတ်တာကြောင့် ဘက်တစ်အသင်းအနေနဲ့ ဖီအိုရင်တီးနားကွင်းမှာ အစမ်းသပ်ခံရဦးမှာပါ။ သေချာတာကတော့ ဆီမီးဖိုင်နယ်ပထမအကျော့ရလဒ်တွေက အင်္ဂလန်ပရိသတ်အများစုအတွက် ပျော်ရွှင်စရာဖြစ်ခဲ့တာပါပဲ။ တကယ်လို့များ အာဆင်နယ်အသင်းသာ PSG အသင်းကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၂-၂၃ ရာသီတုန်းက အီတလီကလပ်တွေထက် သာလွန်အောင်စွမ်းဆောင်နိုင်တဲ့ရာသီလည်း ဖြစ်လာဖို့ရှိပါတယ်။ ၂၀၂၂-၂၃ ရာသီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်တာမီလန်၊ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရိုးမား၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို ဖီအိုရင်တီးနားတို့ တက်ရောက်ပြီး ဥရောပပြိုင် ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲကို အီတလီကလပ်တွေ တက်ရောက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ (၃)သင်းစလုံး ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အီတလီကလပ်တွေက ဥရောပမှာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာတော့ အမှန်ပါပဲ။ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ၂၀၂၁-၂၂ ရာသီမှာမှ စတင်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် အီတလီကလပ်တွေကလွဲရင် တခြားကလပ်တွေ စွမ်းဆောင်နိုင်ခြင်းမရှိသေးတာပါ။ အင်္ဂလန်ကလပ်တွေအနေနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမတိုင်ခင်က ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့တဲ့ ရာသီတစ်ခုတော့ ရှိခဲ့ဖူးပါတယ်။ ၂၀၁၈-၁၉ ရာသီမှာပါ။ အဲဒီရာသီတုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီဗာပူးလ်နဲ့ စပါးတို့ တက်ရောက်ပြီး All-English Final ဖြစ်ခဲ့သလို၊ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့တက်ရောက်ပြီး All-English Final ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲနှစ်ခုစလုံးရဲ့ ဗိုလ်လုပွဲ(၄)နေရာစလုံးကို အင်္ဂလန်ကလပ်တွေက ရာနှုန်းပြည့်သိမ်းပိုက်ခဲ့တာပါ။ ဒီရာသီမှာရော ပြိုင်ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်တွေ တက်ရောက်နိုင်မလား။ ဆီမီးဖိုင်နယ်ပထမအကျော့ရလဒ်တွေအရတော့ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်က သေချာသလောက်ဖြစ်နေပြီး ချန်ပီယံလိဂ်မှာတော့ ပြင်သစ်မြေမှာ အာဆင်နယ်အသင်း ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတဲ့အချက်အပေါ် မူတည်နေပါတယ်။  အာဆင်နယ်သာ ပြန်လာနိုင်ခဲ့ရင်တော့ . . . . ။

Most Read

Most Recent