မြဝတီမြို့-မယ်ထော်သလေးနှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ဖိလစ်ပိုင်နိုင်ငံသား ရှစ် ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းလက်တွဲပြီး နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-မယ်ထော်သလေးနှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ယနေ့(ဧပြီ ၂၄ ရက်)တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက်နေမှုကို ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၄၀ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၇၃၁၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၇၂၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















