တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သည့် ကင်ဂိုအွန်းက အင်အားပြင်းငလျင် ဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများနှင့် ကလေးများအတွက် ဝမ်သန်း ၅၀ လှူဒါန်းထားကြောင်း ကလေးသူငယ်များအရေး အဓိကဆောင်ရွက်သည့် နိုင်ငံတကာအန်ဂျီအိုအဖွဲ့ Good Neighbors က ဧပြီ ၂ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါလှူဒါန်းငွေများကို မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် အရေးပေါ်ကူညီထောက်ပံ့ရေး အစီအစဉ်များတွင် ထည့်သုံးစွဲသွားမည်ဖြစ်သည်။Good Neighbors အဖွဲ့က မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းအပြင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင်လည်း အရေးပေါ်ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိသည်။
လူပြောများသည့် Exhuma ဇာတ်ကားမှ ခေါင်းဆောင်မင်းသမီး ကင်ဂိုအွန်းက “ မြန်မာပြည်သူတွေ အကြောင်း ကြားရတာ ကျွန်မကြေကွဲရတယ်။ တစ်ခဏတည်းနဲ့ အိမ်တွေပျောက်ခဲ့ရတယ်။ ငလျင်ဒဏ်သင့်ဒေသမှာ နေထိုင်ကြတဲ့သူတွေကို ကျွန်မရင်ထဲက အားပေးနေပါတယ်” ဟု ၎င်း၏ခံစားချက်ကို ထုတ်ဖော်ထားသည်။
ကင်ဂိုအွန်းသည် ပရဟိတသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ဆိုက်စဉ် တောင်ကိုရီးယားရှိ ဝင်ငွေနည်းမိသားစုများအတွက် ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့ပြီး ၂၀၂၃ ခုနှစ်က တူရကီနှင့်ဆီးရီးယားတွင် ငလျင်နှစ်ခုလှုပ်ခဲ့ပြီးနောက် အရေးပေါ်ကူညီရေးအတွက် ဝမ်သန်း ၃၀ လှူဒါန်းခဲ့သည်။ ( ၂၀၂၃ ငလျင်ကြောင့် တူရကီတွင် လူငါးသောင်းကျော် ၊ ဆီးရီးယားတွင် လူငါးထောင်ကျော် အသက်ဆုံးရှုံးခဲ့သည်။)
Good Neighbors အဖွဲ့၏ပရဟိတခေါင်းဆောင်များ စုဖွဲ့ထားသည့် 'The Neighbors Honors Club' အသင်းတွင် ကင်ဂိုအွန်းက အသင်းဝင်ဖြစ်ပြီး မကြာသေးမီက တောင်ကိုရီးယားတောမီးဘေးသင့် ဒေသများအတွက်လည်း ဝမ်သန်း ၅၀ ပါဝင်လှူဒါန်းခဲ့သည်။
ငလျင်ဒဏ်သင့် မြန်မာကလေးငယ်များအတွက် Squid Game 2 သရုပ်ဆောင်အင်ဆီဝမ်ကလည်း ဝမ်သန်း ၃၀ လှူဒါန်းထားသေးသည်။
Ref: Maeil Business Newspaper or MK















