ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အထိ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကို မြန်မာ၊ထိုင်းနှင့် တရုတ်နိုင်ငံများတွင် သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မတ် ၂၈ ရက်၊မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က လှုပ်ခတ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုသည် မိနစ်ပိုင်းခန့် အချိန်ကြာမြင့်ခဲ့ပြီး ငလျင်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေအိမ်အဆောက်အဦ၊ လမ်းတံတား ပြိုကျထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် စစ်ကိုင်းဒေသကို အဓိက ဗဟိုပြုလှုပ်ခတ်ဖွယ်ရှိသော အဆိုပါငလျင်သည် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အထိပြင်းထန်ကြောင်း နိုင်ငံတကာငလျင်စောင့်ကြည့်ရေးအဖွဲ့အချို့၏ တင်ပြမှုများအရ ကနဦးသိရှိရသည်။
မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုရှိနိုင်သည့် ယင်းငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိသေးဘဲ အသေးစိတ်ထပ်မံသိရှိရပါက အချိန်နှင့် တပြေးညီ ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါသည်။















