မြန်မာ့သမိုင်း၌ အကြမ်းဖက်လမ်းစဉ် ကျင့်သုံးပြီး အကျပ်ကိုင် တောင်းဆိုခဲ့သည့် ဖြစ်စဉ်တိုင်းတွင် တပ်မတော်အနေနှင့် အလျှော့ပေး လက်ခံခဲ့သည့် အစဉ်အလာ မရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာ့သမိုင်း၌ အကြမ်းဖက်လမ်းစဉ် ကျင့်သုံးပြီး အကျပ်ကိုင် တောင်းဆိုခဲ့သည့် ဖြစ်စဉ်တိုင်းတွင် တပ်မတော်အနေနှင့် အလျှော့ပေး လက်ခံခဲ့သည့် အစဉ်အလာ မရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 27 March 2025

မြန်မာ့သမိုင်း၌ အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်တိုင်းတွင် တပ်မတော်အနေနှင့် အလျှော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ (မတ် ၂၇ ရက်)တွင် ကျင်းပသည့် နှစ် (၈၀)ပြည့် တပ်မတော်နေ့ အခန်းအနား မိန့်ခွန်းပြောကြားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ တပ်မတော်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဉ်အလာမရှိတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရဲဘော်တို့အနေနဲ့ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်သွားကြဖို့ အလေးထားမှာကြားလိုတယ်" ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရာတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ရှိဖို့လိုအပ်ခြင်းကြောင့် ပြည်သူတစ်ဦးချင်းစီနှင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ ပူးပေါင်းပြီး လုံခြုံရေးအသိရှိရှိဆောင်ရွက်နိုင်ရန် ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်လျက်ရှိကြောင်း၊ ယင်းသို့ ဖော်ဆောင်ရာတွင် ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က " ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ ဟာလည်း နိုင်ငံအတွင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို အခွင့်ကောင်းယူပြီး PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ၊ သူတို့အလိုကျ ပူးပေါင်း တွေကို ဆောင်ရွက်ခြင်းမပြုတဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ၊ နိုင်ငံပိုင်အဆောက်အဦ၊ လမ်း၊ တံတား၊ ယာဉ်နဲ့ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီး တာတွေ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြတယ်။ အထူးသဖြင့် လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ် ကျင့်သုံးနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ထာဝရ ငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနဲ့အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင် တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာ နိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်"ဟု ပြောကြားသည်။

နယ်မြေဒေသအလိုက် အာဏာရရှိရန် ကြိုးစားနေကြသည့် သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်လာမှုများသည် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းဥစ္စာများနှင့် မြို့ရွာများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ပြည်သူအားလုံးက မုန်းတီးနေကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်နေမှုများကို လက်မခံနိုင်သလို ဒို့တာဝန်အရေးသုံးပါးကိုထိပါးလာသည့် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကိုလည်း လုံးဝလက်သင့်ခံလို့မရသည့်အတွက် တပ်မတော်အနေနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent