PEACE TALK 2025 ၏ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ဆွေးနွေးမှုများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ခြင်း၊ ရွေးကောက်ပွဲ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆွေးနွေးခဲ့ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 တတိယနေ့၌ PEACE TALK 2025 ၏ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲရလဒ်များအား ရှင်းလင်းပြရာတွင် NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ အဖွဲ့(၂)ရဲ့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့က သဘာပတိကြီးနဲ့ Speaker (၅)ယောက် ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်တွေကတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ နောက် ပဋိပက္ခ လျော့ချရေးကာလအတွင်း စီးပွားရေး ကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာမှာ ဆက်စပ်တဲ့ကဏ္ဍများကိုလည်း ထည့်သွင်း စဉ်းစားမယ်၊ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ခြင်းနဲ့ နောက်ဆုံးမှာတော့ အရေးအကြီးဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုပြီးတော့ ခေါင်းစဉ်လေးခုနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။
ခေါင်းစဉ်(၁)ဖြစ်သည့် ငြိမ်းချမ်းရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုဆိုသည့်နေရာတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကလည်း အရေးပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၏ လူမှုစီးပွား တိုးတက်ကောင်းမွန်လာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်အတွက်၊ လူမှုရေးတည်ငြိမ်မှု ရှိစေရန်အတွက် များစွာအထောက်အကူပြုပါကြောင်း NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။
NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က “အဲ့တော့ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်တော်တို့ ပထမဦးဆုံးအနေနဲ့က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အေးချမ်းတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုပဲ ဦးစားပေးပြီးတော့မှ Micro Economic ကဏ္ဍကို လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ စက်မှုလက်မှုကဏ္ဍမှာ မြှင့်တင်ပေးသင့်တယ်ဆိုတာ ဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက် MSME ပေါ့၊ MSME နဲ့ပတ်သက်လာလို့ရှိရင်လည်း တန်ဖိုးမြင့်တဲ့ Value Added တွေကို ထုတ်ကုန်တွေကို တိုးမြှင့်ဆောင်ရွက်ပေးဖို့နဲ့ ဒါ့အပြင် လုံခြုံအေးချမ်းတဲ့ ခရီးသွားဝန်ဆောင်မှု တွေ၊ Eco Tourism လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ Private Sector တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးဖို့ ဆိုတာလည်း ဆွေးနွေးခဲ့တာ ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ထဲမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာလည်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့တာ ရှိပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် ပဋိပက္ခလျော့ချရေးကာလအတွင်း၌ စီးပွားရေး ကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာတွင် ဆက်စပ်သည့် ကဏ္ဍများကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး မရှိဘဲနှင့် စီးပွားရေးကို အောင်အောင်မြင်မြင်လုပ်ရန် အဆင်မပြေနိုင်သလို စီးပွားရေး မကောင်းပါကလည်း ငြိမ်းချမ်းရေး မရနိုင်ကြောင်း NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။
“ ဒါဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ ပဋိပက္ခတွေဟာ စီးပွားရေး အခွင့်အလမ်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိသလိုပဲ ပဋိပက္ခတွေကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုသူတွေနဲ့ လူမှုစီးပွားဘဝတွေ ပျက်စီးဆုံးရှုံးတာတွေ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ စီးပွားရေး လုပ်ငန်းများရဲ့ အပြင်ပန်းနဲ့ အတွင်းပိုင်း ဖိအားတွေကို ခံနိုင်ရည် ရှိနေဖို့အတွက်က ဒီပျက်စီးမှုတွေကို လျင်လျင်မြန်မြန် ပြန်လည်တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ အဲ့တော့ ဥပမာအားဖြင့် ကျွန်တော်တို့ ထားဝယ်ရေနက်ဆိပ်ကမ်းလို၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းလို၊ လုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ နောက် လယ်ယာသားငါးကဏ္ဍမှာ Export ကို ဦးဆောင်တဲ့ ကဏ္ဍဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်။ ဒီနေရာမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်သင့် ကြောင်း ဆွေးနွေးခဲ့တာ ရှိပါတယ်” NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။
ထို့အပြင် Blue Economy ၊ Green Economy ၊ Circular Economy အစရှိသည့် စီးပွားရေးပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရန် လိုကြောင်း၊ Transit Trade သည် မိမိပိုက်ဆံမစိုက်ရဘဲနှင့် လွယ်လွယ်ကူကူ နိုင်ငံအတွက် ဝင်ငွေရရှိနိုင်မည့် လုပ်ငန်းဖြစ်သည့်အတွက် ယင်းကိစ္စကိုလည်း ဦးစားပေးပြီး ဆောင်ရွက်သင့်သည်ဆိုသော ဆွေးနွေးမှုများလည်း ရှိကြောင်း NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။
NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က “ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ့၊ ဒီမှာတော့ ကျွန်တော်တို့ အားလုံး ဆွေးနွေးခဲ့တဲ့ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ အသစ်ရေးဆွဲဖို့ မလိုအပ်ဘူးလို့ ကျွန်တော်တို့ အားလုံးက ဆွေးနွေးခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ ပြင်ရမယ်၊ ပြင်တဲ့အချိန်မှာ အဓိက အရေးကြီးတာ အာဏာခွဲဝေမှုကိစ္စရပ်ပေါ့။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကြားမှာ အာဏာခွဲဝေမှုကိစ္စရပ်ကို တော့ အဓိက ဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲ့တော့ ဒါက လက်ရှိလည်း နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေး ဆောင်ရွက်နေတာလည်း ရှိပါတယ်။ နောက်တစ်ခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ် ခန့်အပ်ရေးဆိုင်ရာပေါ့၊ ဒါကလည်း အရင်ကတည်းက ဆွေးနွေးတယ်။ အခု ကျွန်တော်တို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတဲ့အခါမှာလည်း ဒါကိုပဲ ဆွေးနွေးထားပြီး ဖြစ်ပါတယ်။ ဒါတွေကိုလည်း အသေးစိတ်ဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက် ဥပဒေပြုရေး အခန်းကဏ္ဍမှာ ဇယား(၁)နဲ့ ဇယား(၂)၊ ဇယား(၂)မှာ မပြည့်စုံခဲ့တဲ့ ကဏ္ဍတွေကို ဇယား(၁)ကနေ ဘာတွေခွဲပေးသင့်သလဲဆိုတာကိုလည်း အသေးစိတ် ဆွေးနွေးခဲ့တာ ရှိပါတယ်” ဟု ပြောကြားသည်။
ရွေးကောက်ပွဲလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆွေးနွေးရာတွင် ရှေ့တွင်ဆွေးနွေးသွားသည့် အချက်လက်များ အားလုံးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုပါက ရွေးကောက်ပွဲက အရေးကြီးသည်ဆိုခြင်းကို သုံးသပ်ရရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ၌ ရွေးကောက်ခံ အစိုးရတစ်ရပ် ဖြစ်ပေါ်လာပြီးလျှင် ယင်းအစိုးရကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ထို့နောက်တွင် လွှတ်တော်များ ခေါ်ယူပြီး ကျန်ရှိသည့် ဥပဒေပြုရေး ကိစ္စများ၊ စီးပွားရေးကိစ္စများကို အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်မည်ဆိုသည်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။
NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က “ အဲ့တော့ တရားမျှတတဲ့ ရွေးကောက်ပွဲကို ဆောင်ရွက်နိုင်ဖို့အတွက်ကို ကျွန်တော်တို့က လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးကလည်း အရေးကြီးတယ်ဆိုတာ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအပြင် မဲဆန္ဒရှင် ပြည်သူလူထုများရဲ့ လုံခြုံရေးကိုလည်း ထည့်သွင်း စဉ်းစားဆောင်ရွက်သင့်တယ်ဆိုတာလည်း ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာမှာ၊ ရွေးကောက်ပွဲကို ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရ၊ တာဝန်ရှိတဲ့ လူတွေသာ မကဘဲနဲ့ ဒီမှာတက်ရောက်လာကြတဲ့ အဖွဲ့အစည်း အသီးသီးက အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက် ကျွန်တော်အနေနဲ့ အထူးမေတ္တာရပ်ခံခဲ့တာကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ကို တက်ရောက်လာတဲ့ EAO တွေက မိမိတို့ရဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့နဲ့ ကျင်းပနိုင်အောင် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီးတော့ ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေး ခဲ့တာရှိပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် ရွေးကောက်ပွဲ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် အရေးကြီးသည့်အချက် ဖြစ်ပါကြောင်း၊ နောက်ဆုံးအချက်ဖြစ်သည့် ရွေးကောက်ပွဲ အလွန်တွင် ဆောင်ရွက်မည့် လမ်းပြမြေပုံကို ယခုကတည်းက ကြိုတင်ရေးဆွဲပြီး ထုတ်ပြန်ထားသင့်ကြောင်းလည်း ဆွေးနွေးခဲ့ကြကြောင်း NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ပြောကြားသည်။















