အမေရိကန်သမ္မတထရန့်နှင့် ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန် နေတိုးအကြီးအကဲက ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို တိုက်တွန်း

အမေရိကန်သမ္မတထရန့်နှင့် ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန် နေတိုးအကြီးအကဲက ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို တိုက်တွန်း
Published 2 March 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို တိုက်တွန်းခဲ့သည်ဟု နေတိုးအကြီးအကဲ မာ့ခ်ရူတီက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က အိမ်ဖြူတော်တွင် ထရန့်နှင့် ဇယ်လန်းစကီးတို့ တွေ့ဆုံခဲ့ချိန်တွင် အချေအတင် စကားများခဲ့ကြပြီးနောက် ထရန့်နှင့်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန်အတွက် နည်းလမ်းတစ်ခုရှာဖွေရန် လိုအပ်ကြောင်း ရူတီက ဇယ်လန်းစကီးကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရန့်နှင့် ဇယ်လန်းစကီးတို့သည် ရုရှား-ယူကရိန်းစစ်ပွဲကို မည်ကဲ့သို့ အဆုံးသတ်မည်ဆိုသည့် အချက်အပေါ် သဘောထားကွဲလွဲခဲ့ရာမှ အချေအတင်စကားများခဲ့ခြင်း ဖြစ်သည်။

ဇယ်လန်းစကီးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သံတမန်ဆက်ဆံရေးပြုလုပ်ရန် ကြိုးပမ်းခဲ့သည့် ထရန့်အစိုးရအဖွဲ့ထံမှ ခိုင်မာသည့် လုံခြုံရေးအာမခံချက်များကို ရရှိရန် ကြိုးပမ်းခဲ့သည်။

သို့သော် ထိုအစည်းအဝေးတွင် ထရန့် နှင့် ဇယ်လန်းစကီးတို့အကြား ဆက်ဆံရေးများသည့် မယုံကြည်နိုင်လောက်အောင် ကျဆင်းသွားခဲ့ကြောင်း ရူူတီက ဆိုသည်။

“ဇယ်လန်းစကီးရေ။ ခင်ဗျားအနေနဲ့ ဒေါ်နယ်ထရန့်၊ အမေရိကန်အစိုးရအဖွဲ့နဲ့ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မယ်လို့ ကျွန်တော်ထင်ပါ တယ်ဆိုပြီး ကျွန်တော်က ပြောခဲ့ပါတယ်။ ဒါဟာ ရှေ့ကိုဆက်ဖို့အတွက် အရေးကြီးပါတယ်”ဟု ရူတီက ဖေဖော်ဝါရီ ၂၇ ရက်က ဇယ်လန်းစကီးနှင့် ဆက်သွယ်ခဲ့သည့် ဖုန်းပြောဆိုမှုကို ရည်ညွှန်းပြီး ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။

“ယူကရိန်းအတွက် သမ္မတထရန့် လုပ်ပေးခဲ့တာတွေကို ကျွန်တော်တို့ လေးစားရမယ်”ဟု ရူတီက ဇယ်လန်းစကီးကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်က ယူကရိန်းအား တင့်ကားဖျက် Javelin လက်နက်များ ထောက်ပံ့ပေးခဲ့သူသည် ထရန့်ဖြစ်ကြောင်း ရူတီက ဇယ်လန်းစကီးကို ပြောကြားခဲ့သည်။

“Javelin ဒုံးကျည်တွေသာ မရှိဘူးဆိုရင် ၂၀၂၂ ခုနှစ်က ရုရှားရဲ့ ဝင်ရောက်တိုက်ခိုက်မှုကို ယူကရိန်းက ခုခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ထရန့် လုပ်ပေးခဲ့တာတွေကို ပြန်ပြီးအမှတ်ရစေဖို့ ဇယ်လန်းစကီးကို ကျွန် တော်က ပြန်ပြောပြခဲ့ရပါတယ်”ဟု ရူတီက ပြောကြားခဲ့သည်။

ထရန့်နှင့် ဇယ်လန်းစကီးအကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ရူတီက အသေးစိတ်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အမေရိကန်သည် နေတိုးအဖွဲ့အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း သာ ပြောကြားခဲ့သည်။

ရူတီက ထရန့်ကို မိတ်ဆွေဟု ခေါ်ဆိုခဲ့သော်လည်း ဇယ်လန်းစကီးသည် တတိယ ကမ္ဘာစစ်နှင့် အလောင်းအစား လုပ်နေသူဖြစ်ကြောင်း ပြောဆိုခဲ့သည့် ထရန့်၏ စွပ်စွဲချက်သည် မှန်၊ မမှန် မေးမြန်းခံရချိန်တွင် ရူတီက ထိုမေးခွန်းများကို တိုက်ရိုက်ဖြေဆိုခဲ့ခြင်း မရှိပေ။

“အမေရိကန်က ယူကရိန်းအတွက် ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖို့ ဆန္ဒရှိနေတယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။ ပြီးတော့ အဲဒီလိုလုပ်ဖို့ဆိုရင် ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင် ရွက်ဖို့လိုတာကိုလည်း ကျွန်တော်ယုံကြည်ပါတယ်”ဟု ရူတီက ပြောကြားခဲ့သည်။

Ref:Reuters

                                      

Most Read

Most Recent