တင်ပို့၊ တင်သွင်း ကုန်ပစ္စည်းများအပေါ် ဈေးကွက်ငွေလဲနှုန်းဖြင့် အခွန်ကောက်ခံမည့်အမိန့်အား ပယ်ဖျက်လိုက်ပြီး ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ ကို အခြေခံသည့်အပတ်စဉ် နိုင်ငံခြားငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲကောက်ခံမည်

တင်ပို့၊ တင်သွင်း ကုန်ပစ္စည်းများအပေါ် ဈေးကွက်ငွေလဲနှုန်းဖြင့် အခွန်ကောက်ခံမည့်အမိန့်အား ပယ်ဖျက်လိုက်ပြီး ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ ကို အခြေခံသည့်အပတ်စဉ် နိုင်ငံခြားငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲကောက်ခံမည်
Published 27 January 2025

တင်ပို့၊ တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် စျေးကွက်ငွေလဲနှုန်းဖြင့် အခွန်ကောက်ခံမည့်အမိန့်အား ပယ်ဖျက်လိုက်ပြီး ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ ကို အခြေခံသည့်အပတ်စဉ်နိုင်ငံခြား ငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၅ ဖြင့် ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၇-၁၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၀/၂၀၂၄ ဖြင့် တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုအခါတင်သွင်း၊တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် ထုတ်ပြန်လျက်ရှိသည့် ရည် ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ၂၇-၁၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၉၀/၂၀၂၄ ကို ယခုအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်သည်။ ယခုအမိန့်ကြော်ငြာစာသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၉၀/၂၀၂၄)အရ အကောက်ခွန်ဦးစီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တင်သွင်း၊တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံခဲ့သည်။

ယခုအခါ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယခင်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၂၄)ကို ပယ်ဖျက်ပြီး အမိန့်ကြော်ငြာစာအမှတ် (၈/ ၂၀၂၅)ဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့် ကြော်ငြာစာအရ တင်သွင်း၊တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ပြောင်း လဲအသုံးပြုလျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent