တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းနှင့် ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းခြင်း

တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းနှင့် ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းခြင်း
Published 2 January 2025

ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၀ ဝန်းကျင်ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ဝန်းကျင် အထိရှိလာပြီး နှစ်လယ်ခန့်တွင် ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းကို ၂၀၂၄ ခုနှစ် စီးပွားရေးကဏ္ဍအတွက် ထင်ရှားသောဖြစ်ရပ်အဖြစ် ဖော်ပြအပ်ပါသည်။

၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဒေါ်လာစျေးအတက်အကျကြမ်းခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၁၃ ရက်က ရွှေငွေစျေးကွက်အတွင်း ငွေလဲနှုန်း အတက်ကြမ်းခဲ့ပြီး စံချိန်တင်စျေးနှုန်းမြင့်တက်သည်အထိ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၇၀၀၀ ကျော်၊ စင်ကာပူတစ်ဒေါ်လာ လျှင် ကျပ် ၅၀၀၀ ဝန်းကျင်နှင့်ထိုင်းဘတ် ကျပ် ၂၀၀ ကျော်၊ တရုတ်ယွမ်အနေဖြင့် ကျပ် ၁၀၀၀ ဝန်းကျင်၊ မလေးငွေ ၁၄၀၀- ၁၅၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အမြင့်ဆုံးမြင့်တက်မှုအနေဖြင့် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ သြဂုတ်  ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဒေါ်လာစျေး အကျဘက်ကို ဦးတည်လာခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၇၁၀၀ ဝန်းကျင်၊ နေ့လယ်ပိုင်းတွင် ကျပ်  ၇၀၀၀ နှင့် ညနေပိုင်းတွင် ကျပ် ၆၅၀၀ ဝန်းကျင်အထိ တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၆၀၀ ဝန်းကျင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၈ ရက်တွင် တစ်ဒေါ်လာ ကျပ် ၆၃၀၀၊ သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာ ကျပ် ၆၃၅၀၊ သြဂုတ်၂၀ ရက်တွင် ကျပ် ၆၃၅၀ ဝန်းကျင်ရှိခဲ့သည်။ သို့သော် သြဂုတ် ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၅၈၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၄၄၇၀ ရှိခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၄၄၅၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၄၄၅၀ ဝန်းကျင်ရှိခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Exporter နှင့် Importer တို့ စိတ်ကြိုက်စျေးဖြင့် ပြင်ပတွင် ရောင်းဝယ်ခြင်းကြောင့် ငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းနှင့် Importer များအနေဖြင့် စျေးကွက်တွင် ရောင်းချနိုင်သည့်ပမာဏကို မသိရှိနိုင်ခြင်းတို့ကြောင့် တရားဝင်ရောင်းချနိုင်မည့် Platform များကို Importer များက တောင်းဆိုခဲ့သဖြင့်လည်းကောင်း၊ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေ ဝယ်လိုအား (Demand) နှင့်ရောင်းလိုအား (Supply) မျှတမှုရှိစေရန်အတွက်လည်း ကောင်း၊ Online Trading Platform ကို ဗဟိုဘဏ်ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ပြီး စျေးကွက်၏လိုအပ်ချက်အရ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား ဝင်ရောက်ရောင်းချပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန်၂၂ ရက်မှစတင်ဆောင်ရွက်ခဲ့သည်။

ငွေလဲနှုန်း ကွာဟချက်ကျဉ်းမြောင်းစေရန် ငွေလဲနှုန်းအတက်/အကျ ထိန်းကျောင်းနိုင်ရန် ဒေါ်လာ၊ ဘတ်နှင့်ယွမ်တို့အား နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဗဟိုဘဏ်က လိုအပ်သလို ရောင်းဝယ်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာလကုန်အထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၁၀၀ ကျော် ရောင်းချပေးခဲ့သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်တွင် ဒေါ်လာ ၉၄ သန်းကျော်၊ ယွမ် ၂၃ သန်းကျော်နှင့် ဘတ် ၃၆၅ သန်းကျော် ရောင်းချခဲ့သည်။ ဒီဇင်ဘာ ၁ ရက်မှ ၂၇ ရက်အထိကာလအတွင်း ဒေါ်လာ ၁၇၉ သန်းကျော်၊ ယွမ်၂၂ သန်း ကျော်နှင့်ဘတ် ၃၆၁ သန်းကျော် ထုတ်ရောင်း ခဲ့သည်။     

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းရှင်များ၏ ဝယ်လိုအားနှင့် ရောင်းလိုအား အခြေအနေကို စောင့်ကြည့်လျက် စျေးကွက်ငွေလဲလှယ်နှုန်းသည် ဖြစ်သင့်သည်ထက်များစွာ မြင့်မားလာ ခြင်းမရှိစေရန် လိုအပ်သော Intervention ပြုလုပ်ပေးလျက်ရှိပြီး ငွေလဲလှယ်နှုန်းများအကြား ကွာဟချက်ကျဉ်းမြောင်းစေ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent