အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားပြီး လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ကာ လူပေါင်းနှစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယတွင် မီးသတ်ပစ္စည်း ကိရိယာမရှိခြင်း နှင့် ဘေးကင်းလုံခြုံရေးစီမံချက်များ ပုံမှန်လုပ် ဆောင်ခြင်းမရှိသည့်အတွက် အဆောက်အအုံများတွင် မီးလောင်မှုများ ပုံမှန်ဖြစ်ပွားလေ့ရှိသည်။
တမီးလ်နာ ဒူးပြည်နယ်ရှိ ထိုဆေးရုံတွင် ဒီဇင်ဘာ ၁၂ ရက် ညအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်။ ဒင်ဒီဂူလ်မြို့ရှိ ဆေးရုံတွင် ဓာတ်လှေကားအတွင်း ၌ သေဆုံးသူခြောက်ဦးလုံးကို သတိမေ့လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ရှိကာ အားလုံးသည် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။
မြေညီထပ် ဧည့်ကြိုနေရာတွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကာ အခြားအထပ်များကို အလျင်အမြန် မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း Times of India သတင်းစာတွင် ဖော်ပြထားသည်။
ဥတ္တရာပရာဒက်ရှ် ပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် မီးလောင်ကျွမ်းမှုကြောင့် မွေးကင်းစကလေးငယ် ၁၀ ဦးသေ ဆုံးခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ထိုမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ယခုနှစ်အစောပိုင်း၌ နယူးဒေလီမြို့ရှိ ကလေးဆေးရုံတွင် မီးလောင်မှုကြောင့် မွေးကင်းစ ကလေးခြောက်ဦး သေဆုံးခဲ့သည်။
Ref:AFP














