အယ်လ်ဟီလာအသင်းက ၎င်းကို စာချုပ်ဖျက်သိမ်းရန်စီစဉ်နေသည်ဟု သတင်းထွက်နေသော်လည်း အသင်းတွင် ပျော်ရွှင်နေကြောင်း နေမာ ဖွင့်ဟ

အယ်လ်ဟီလာအသင်းက ၎င်းကို စာချုပ်ဖျက်သိမ်းရန်စီစဉ်နေသည်ဟု သတင်းထွက်နေသော်လည်း အသင်းတွင် ပျော်ရွှင်နေကြောင်း နေမာ ဖွင့်ဟ
Photo: X
Photo: X
Published 14 November 2024

နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက အယ်လ်ဟီလာအသင်းသည် ၎င်းအား စာချုပ်ဖျက်သိမ်းရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၎င်းအနေဖြင့် အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် ဆော်ဒီပရိုလိဂ်မှာ ယခုထက်ပိုကောင်းလာမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၃၂) နှစ်အရွယ်ရှိ နေမာသည် ၂၀၂၃ နွေရာသီတွင် PSG အသင်းမှ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံသို့ ဆော်ဒီပရိုလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၉၀) ဖြင့် ပြောင်းရွှေ့ခဲ့သည်။

၎င်းသည် အယ်လ်ဟီလာအသင်းနှင့် (၂) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်လစာ ယူရိုသန်း (၁၅၀) ရရှိနေကြောင်း သိရှိရသည်။

သို့သော် နေမာသည် အယ်လ်ဟီလာကစားသမားဘဝ ပထမဆုံးရာသီတွင် (၃) ပွဲသာ ကစားနိုင်ခဲ့ပြီး ACL (ဒူးအရွတ်စုတ်ပြဲ)ဒဏ်ရာရရှိခဲ့ရာ တစ်ရာသီလုံး အနားယူခဲ့ရသည်။

နေမာသည် ယင်းဒဏ်ရာမှ ပြန်လည်သက်သာပြီး အယ်လ်ဟီလာအသင်းအတွက် ကစားသည့် ဒုတိယမြောက်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည်။

နေမာအနေဖြင့် အဆိုပါဒဏ်ရာမှ ပြန်လည်သက်သာလာရန်အတွက် (၆) ပတ်အထိ အနားယူရဖွယ်ရှိကြောင်း သိရှိရသည်။

အယ်လ်ဟီလာအသင်းသည် နေမာ၏ဒဏ်ရာ မကြာခဏရရှိမှုကို စိတ်ကုန်လာပြီး စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီကုန်အထိ မစောင့်တော့ဘဲ လာမည့်ဇန်နဝါရီတွင် စာချုပ်ဖျက်သိမ်းရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါသတင်းများထွက်ပေါ်လာပြီးနောက် နေမာအား ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီ ကစားနေသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနှင့် ၎င်း၏ကလပ်အသင်းဟောင်းဖြစ်သည့် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းတို့ ပါဝင်နေကြောင်း သိရှိရသည်။

သို့သော် ယခုအခါ နေမာက ၎င်းအနေဖြင့် အယ်လ်ဟီလာအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီနိုင်ငံ၏ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးလှုံ့ဆော်မှုတွင် ပါဝင်နေသည့် နေမာက ''ဒီ(ဆော်ဒီ)ကို လာကစားခွင့်ရတာနဲ့ ဒီနိုင်ငံမှာ အခုလိုမျိုးနေထိုင်ခွင့်ရတာဟာ လူတွေအတွက် အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမှာ ခင်မင်ဆွေးနွေးစွာ ကြိုဆိုမှုကို ရတယ်လို့ အမြဲပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမှာ အရမ်းပျော်ပါတယ်။ ဆော်ဒီပရိုလိဂ်က ပိုကောင်းလာမှာ သေချာပါတယ်။ ထိပ်တန်းကစားသမားတွေ၊ ကြယ်ပွင့်ကစားသမားတွေ ဒီကို လာကြဦးမှာ သေချာပါတယ်။ ထိပ်တန်းကစားသမားတွေအနေနဲ့ ဒီလိုအခွင့်အရေးတွေ အများကြီးရဦးမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံမျိုး လူတိုင်းကို ရစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent