အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် ရိုင်းပျသည့်အပြုအမူကြောင့် နိုင်ငံတကာပွဲ နှစ်ပွဲပယ်ခံရ

အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် ရိုင်းပျသည့်အပြုအမူကြောင့် နိုင်ငံတကာပွဲ နှစ်ပွဲပယ်ခံရ
Photos: The Independent & Daily Mail
Photos: The Independent & Daily Mail
Published 29 September 2024

 

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်း၏ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီလီယာနိုမာတီနက်ဇ် သည် ၎င်း၏ ရိုင်းပျသည့်အပြုအမူများကြောင့် နိုင်ငံတကာပွဲ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

မာတီနက်ဇ်သည် စက်တင်ဘာ ၅ ရက် က ချီလီအသင်းအား အိမ်ကွင်း၌ အနိုင်ရသည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ကိုပါအမေရိကဆုဖလားကိုကိုင်၍ ခါးကိုရှေ့သို့ကော့ကာ မဖွယ်မရာအပြုအမူပြုလုပ်ခဲ့သည်။ 

ထို့ပြင် ၎င်းသည် စက်တင်ဘာ ၁၀ ရက်က ကိုလံဘီယာအသင်းအား အဝေးကွင်း၌ ရှုံးနိမ့်သည့်ပွဲအပြီး ကွင်းအပြင်သို့ထွက်လာစဉ် ကင်မရာကို လက်အိတ်ဖြင့်ရိုက်၍ တွန်းထိုးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) စည်းကမ်းထိန်းသိမ်းရေးကော်မတီက ၎င်းအား နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ မာတီနက်ဇ်အနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ဗင်နီဇွဲလား အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ဘိုလစ်ဗီးယားအသင်းနှင့် အိမ်ကွင်းပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။

မာတီနက်ဇ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ရွှေလက်အိတ်ဆုရယူပြီးနောက် ယင်းကဲ့သို့ပြုမူသဖြင့် ဝေဖန်မှုများခံခဲ့ရဖူးသည်။

Most Read

Most Recent