ကာ့ရှ် နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို ယူကရိန်းက တိုက်ခိုက်ရန်ကြိုးစားနေသည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်စွပ်စွဲ

ကာ့ရှ် နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို ယူကရိန်းက တိုက်ခိုက်ရန်ကြိုးစားနေသည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်စွပ်စွဲ
ဘယ်ဂိုရော့၊ကာ့ရှ်၊ ဘရိုင်းယန့်ဒေသတို့နှင့်စပ်လျဉ်းသောအစည်းအဝေးကို သမ္မတပူတင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပုံကို သြဂုတ် ၂၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဘယ်ဂိုရော့၊ကာ့ရှ်၊ ဘရိုင်းယန့်ဒေသတို့နှင့်စပ်လျဉ်းသောအစည်းအဝေးကို သမ္မတပူတင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပုံကို သြဂုတ် ၂၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 23 August 2024

ယူကရိန်းတပ်ဖွဲ့များက နယ်စပ်ဖြတ်ကျော် ထိုးစစ်ကြီးကို ဆင်နွှဲလျက်ရှိသောနေရာနှင့် မိုင် ၃၀ (ကီလိုမီတာ ၅၀) ခန့်ဝေး သောနေရာတွင် တည်ရှိသည့် ကာ့ရှ် နျူကလီးယား ဓာတ်အားပေးစက်ရုံကို ယူကရိန်းက တိုက်ခိုက်ရန် ကြိုးစားနေသည်ဟု သြဂုတ် ၂၂ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က စွပ်စွဲခဲ့သည်။

ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်းတွင် နယ်မြေအသာစီးရမှုများရှိနေသည်ဟု မော်စကိုက ပြောကြားခဲ့သည်။ သို့ရာတွင် အသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်၏အနီးတွင်ရှိသော ဆိပ်ကမ်းတစ်ခု၌ ကျောက်ချထားသော ကုန်သင်္ဘောကို ယူကရိန်းက တိုက်ခိုက်ခဲ့သဖြင့် သင်္ဘောနစ်မြုပ်သွားခဲ့သည်ဟု ရုရှားတာဝန်ရှိသူများက စွပ်စွဲပြောကြားခဲ့သည်။

“ရန်သူဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ညပိုင်းမှာ တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) ကိုအကြောင်းကြားထားပါတယ်”ဟု သြဂုတ် ၂၂ ရက်တွင် ရုပ်သံ ထုတ်လွှင့်ခဲ့သော အစိုးရအစည်းအဝေးပွဲ၌ ပူတင်က ပြောကြားခဲ့သည်။

ပူတင်က ယင်းသို့ပြောဆိုခဲ့သည့်အတွက် အထောက်အထားပြခြင်းမရှိခဲ့ပေ။ ထို့အပြင် တိုက်ခိုက်မှု လုပ်ဆောင်သည်ဟူသော ကိစ္စနှင့်စပ်လျဉ်း၍လည်း ပူတင်က နောက်ထပ်အသေးစိတ်များကို ပြောကြားခြင်းမပြု ပေ။

ကာ့ရှ်နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ လောင်စာသုံး နျူကလီးယားသိုလှောင်ရုံမှ မီတာ ၁၀၀ ခန့်အကွာတွင်  ဒရုန်းအပိုင်းအစများကို တွေ့ရသည်ဟု မော်စကိုက ပြောကြားခဲ့ကြောင်း IAEA ကထုတ် ပြန်ခဲ့သည်။

IAEA အကြီးအကဲများသည် လာမည့် သီတင်းပတ်ထဲတွင် အဆိုပါစက်ရုံသို့လာမည်ဟု IAEA ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယူကရိန်းတပ်ဖွဲ့များနှင့် တင့်ကားများက သြဂုတ် ၆ ရက်တွင် ကာ့ရှ်အနောက်ပိုင်းဒေသကို ကျူးကျော်ဝင်ရောက်လာချိန်ကတည်းက အဆိုပါဓာတ်အားပေးစက်ရုံကို ထိမှန်နိုင်သည့် အလားအလာအား ရုရှားက အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သည်။

ယူကရိန်းထိုးစစ်သည် ယခုအခါ တတိယမြောက်သီတင်းပတ်ထဲကို ဝင်ရောက်လာပြီ ဖြစ်ရာ ရုရှားနယ်စပ်ဒေသရှိ မြို့ရွာများကို ဒါဇင်ချီသိမ်းပိုက်ထားသည်ဟု ယူကရိန်းက ပြောကြားလျက်ရှိသည်။ ရုရှားသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း မိမိနယ်မြေကို ပြည်ပစစ်တပ်၏ စိုးရိမ်စရာအကောင်းဆုံးတိုက် ခိုက်မှုများအား အလျင်အမြန် တွန်းလှန်နေရသည်။

ကာ့ရှ် နျူကလီးယား ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ ရုရှားမီဒီယာက ယခင်က သတင်းဖော်ပြခြင်းမရှိပေ။

ဓာတ်အားပေးစက်ရုံသည် ပုံမှန်လည် ပတ်နေသည်ဟု ကာ့ရှ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အလက်ဇီဆမာနော့က ပူတင်ကို ပြောကြားခဲ့သည်။

ပူတင်၏ စွပ်စွဲပြောကြားမှုများနှင့်စပ်လျဉ်း၍ ကိယက်ဗ်တာဝန်ရှိသူများထံမှ တုံ့ ပြန်ချက်များ ချက်ချင်း ထွက်ပေါ်လာခြင်း မရှိသေးပေ။

ယူကရိန်းနှင့်ရုရှားတို့သည် နှစ်နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်သော စစ်ပွဲအတွင်း နျူကလီးယားဘေးကင်းမှုကို ခြိမ်းခြောက်နေကြောင်း အပြန်အလှန် စွပ်စွဲမှုများရှိနေသည်။

ရုရှားတပ်ဖွဲ့များသည် စစ်ပွဲအစောပိုင်းကာလတွင် ယူကရိန်းမြောက်ပိုင်း၌ စွန့်ပစ်ထားသော ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်းကောင်း၊ ဥရောပ၏ အကြီးဆုံး နျူကလီးယားစွမ်းအင်သုံးဓာတ် အားပေးစက်ရုံ ဇာပိုရီရှားကိုလည်းကောင်း သိမ်းပိုက်ခဲ့သည်။

ရုရှားသည် ဇာပိုရီရှား နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ထိန်းချုပ်ထားဆဲဖြစ်သည်။ ရုရှားသည် ယင်းစက်ရုံကို ထိန်းချုပ်ထားခြင်းဖြင့် နျူကလီးယား ခြိမ်းခြောက်အကျပ်ကိုင်မှုကို လုပ်ဆောင်နေ သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက စွပ်စွဲထားသည်။               

Ref:AFP

Most Read

Most Recent