ချမ်းသာခြင်းသံသရာ

ချမ်းသာခြင်းသံသရာ
Photos: X
Photos: X
Published 10 August 2024
Chan Myae

ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲကိုဖြစ်စေ၊ ထိပ်တန်းလိဂ်ပြိုင်ပွဲကြီးတစ်ခုခုကို ကြည့်ရင် စိုးမိုးနေကျအသင်းတွေထဲကသာ အောင်မြင်မှုတွေကို မကြာခဏ ယူနေကြတာကိုတွေ့ရပါတယ်။ အသင်းကောင်းတွေဟာ ဆုကြေးငွေတွေကို ပိုမို သုံးစွဲခွင့်ရပါတယ်။ ရုပ်သံကုမ္ပဏီတွေက သူတို့ရဲ့ ပွဲတွေကို ပိုမို ဦးစားပေးပြသကြပါတယ်။ ဒီလိုနဲ့ ရုပ်သံဝင်ငွေခွဲဝေမှု ပိုရပါတယ်။ အလားတူပဲ ရုပ်သံမှာ ပြသခံရချိန်များခြင်းကနေ သူတို့ရဲ့ဝင်ငွေက တိုးသထက်တိုးလာပါတယ်။ အဲဒီကနေ စပွန်ဆာဝင်ငွေ တိုးလာပါတယ်။ ရလာတဲ့ ဆုကြေး၊ ရုပ်သံဝင်ငွေနဲ့ စပွန်ဆာဝင်ငွေတွေကို သူတို့ဟာ သွေးသစ်စုဆောင်းမှုတွေ ပိုမိုလုပ်နိုင်ပါတယ်။ အခြားအသင်းတွေထက် ငွေကြေးကို ပိုမိုလည်ပတ်သုံးစွဲခွင့်ရပါတယ်။ ကွင်းထဲကို ဝင်ကြည့်ချင်တဲ့ ပရိသတ်တွေ အရမ်းများလာတဲ့အခါ လက်မှတ်စျေးနှုန်းတွေကို တဖြည်းဖြည်း မြှင့်တင်ပါတယ်။ ဒီလိုနဲ့ ရလာတဲ့ ဝင်ငွေတွေကို အသုံးချပြီး အကောင်းဆုံး နည်းပြတွေ ငှားလာနိုင်တယ်၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာနိုင်တယ်။ အကောင်းဆုံး သင်ထောက်ကူ ပစ္စည်းတွေနဲ့ ကစားသမားတွေကို ပျိုးထောင်တယ်။ သူတို့ဟာ အခြားအသင်းတွေထက် ပိုမိုအောင်မြင်နိုင်ခြေမြင့်ပြီး တကယ်အောင် မြင်မှုတွေရလာတဲ့အခါ ဝင်ငွေတွေတိုးလာပြန်တယ်။

 

လူချမ်းသာတွေ ဘာကြောင့် ပိုချမ်းသာခဲ့ကြသလဲ။ ဒီမေးခွန်းက ကျွန်တော့်အဖွားထက်တောင် အသက်ကြီးနိုင်ပါတယ်။ အတိအကျတော့ ဖြေလို့မရပါဘူး။ ဒါပေမဲ့ ကျေနပ်မှုတစ်စုံတရာပေး နိုင်လိမ့်မယ်လို့တော့ ထင်ပါတယ်။ အရင်ဆုံး ပြောချင်တာက သူဌေးတွေက သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ အခွင့်အရေးတွေကို အခြားသူတွေထက် ပိုမိုအသုံးကြပါတယ်။ အတွင်းသတင်းတွေ၊ အထူးအချက်အလက်တွေက၊ သူတို့ အချင်းချင်းကြားမှာသာ မျှဝေသုံးစွဲကြတဲ့ ရင်းမြစ်တွေနဲ့ သူတို့က ပိုချမ်းသာလာကြပါတယ်။ သူဌေးတွေ ပိုချမ်းသာလာခြင်းရဲ့ အခြားတစ်ဖက်မှာ ရှိနေတာက နောက်လူတွေတက်မလာအောင် ဖယ်ရှားဖို့ ၀ိုင်းကြိုးစားကြခြင်းဖြစ်ပြီး အတွင်းသတင်းမျှဝေခြင်း နည်းလမ်းတွေနဲ့ ဒီအလုပ်ကို လုပ်ကြပါတယ်။ အားကစားသမားတစ်ဦးဟာ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့တယ်ဆိုပါတော့။ သူဟာ အကျိုးအမြတ်တွေရပါတယ်။ ငွေကြေးပါမယ်။ အနာဂတ်ပြိုင်ပွဲတွေအတွက် အထောက်အကူပြုပစ္စည်းတွေ၊ အသုံးအဆောင်တွေပါမယ်။ နောက်ထပ်ပြိုင်ပွဲကြီး တွေအတွက် အလိုအလျောက်ယှဉ်ပြိုင်ခွင့်တွေပါမယ်။ ဒီလိုနဲ့ အနိုင်ရသူဟာ ထပ်မံအနိုင်ရဖို့အတွက် ဆိုရင် အခြားသူတွေထက် အခွင့်အရေးသာလာပါတယ်။ နောက်တစ်ကြိမ်မှာ သူအနိုင်ရဖို့ဆိုတာ ပထမတစ်ကြိမ် အနိုင်ရတုန်းကလောက်တော့ မခက်တော့ပါဘူး။ အနိုင်ရခြင်း၊ မရခြင်းက အကြောင်းအရင်းအမျိုးမျိုး ရှိနိုင်ပြီး အခြေအနေကတော့ သူ့ကိုဖေးကူနေပါပြီ။ ဒါဟာ အနိုင်ရသူကို ဆက်လက်အနိုင်ယူနိုင်စေဖို့ ဖန်တီးလိုက်တဲ့အရာ ဖြစ်ပြီး ဆန့်ကျင်ဘက်အနေနဲ့ကတော့ ရှုံးနိမ့်သူတွေဟာ ဆက်လက်ရှုံးနိမ့်ဖို့ ပိုများသွားပါတယ်။ ကမ္ဘာ့ဖလားလို၊ ယူရိုလိုပြိုင်ပွဲတွေမှာ အုပ်စုခွဲတဲ့အခါ အသင်းကြီး အချင်းချင်း စောစောစီးစီး စုပြုံမတွေ့ရအောင် ပွဲစဉ်ဇယားကို ဆွဲလေ့ရှိတာ၊ တင်းနစ်ပြိုင်ပွဲမှာ နိုင်ခြေအဆင့် ၁ နဲ့ ၂ ဟာ ဗိုလ်လုပွဲကလွဲပြီး အခြားဘယ်အဆင့်မှာမှ မတွေ့အောင် စီစဉ်ထားတာတွေက အနိုင်ရသူတွေကို ဆက်လက်အနိုင်ရစေဖို့၊ ချန်ပီယံမဟုတ်လည်း နာမည်ကျော်တွေကို သူတို့ ရောက်သင့်တဲ့ အဆင့်အထိ ရောက်လာစေဖို့ ကူညီထားတဲ့ ပုံစံဖြစ်ပါတယ်။ ဒါဟာ တရားဝင်ပြိုင်ပွဲကြီးတွေ၊ ကမ္ဘာကျော် ပြိုင်ပွဲကြီးတွေမှာတောင် ပေါ်ပေါ်ထင်ထင်ကို အသုံးပြုနေကြတာတွေ့ရပါတယ်။

မဟာဗျူဟာ၊ နည်းဗျူဟာ မှန်ကန်ခြင်းဟာ အနိုင်ရသူတွေကို မွေးဖွားပေးပြီး၊ အနိုင်ရသူတွေဟာ ဒီမဟာဗျူဟာ၊ နည်းဗျူဟာကို မှန်ကန်စွာ အသုံးချကျလေ့ရှိပါတယ်။ မိုနိုပိုလီကစားနည်းမှာ ပြိုင်ပွဲအစမှာ ပြိုင်ဘက် ၂ ဦးဟာ တူညီတဲ့ အခြေအနေနဲ့ စတင်ကြပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ဟာ ဒီဂိမ်းကို ဘယ်လိုဗျူဟာနဲ့ ကစားမလဲဆိုတဲ့အဆင့်ကို ရောက်လာပါတယ်။ ကစားသမားတစ်ဦးဟာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ ဟိုတယ်တွေ စဆောက်နိုင်ပြီး သူတို့အကွက်ပေါ်ကို ကျလာတဲ့ အခြားကစားသမားဆီက ငှားရမ်းခတွေရပါတယ်။ ဒီငွေတွေနဲ့ နောက်ထပ် ဟိုတယ်တွေကို ထပ်ဝယ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပြိုင်ဘက်က ပြုတ်ပြုတ်ပြုန်းပြီး သူကတော့ ဂိမ်းဘုတ်တစ်ခုလုံးကို စီးသွားပါတယ်။ ဟိုတယ်ပိုင်ရှင်ကစားသမားဟာ ဒီဂိမ်းကို အနိုင်ရဖို့များတယ်ဆိုတာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သိခဲ့တဲ့ နည်းဗျူဟာတစ်ခုပါ။ ငွေကြေးချမ်းသာသူတွေဟာလည်း ဒီလိုနည်းဗျူဟာနဲ့ပဲ ပိုင်ဆိုင်မှုကို ဆင့်ပွားတည်ဆောက်ယူကြတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲကိုဖြစ်စေ၊ ထိပ်တန်းလိဂ်ပြိုင်ပွဲကြီးတစ်ခုခုကို ကြည့်ရင် စိုးမိုးနေကျအသင်းတွေထဲကသာ အောင်မြင်မှုတွေကို မကြာခဏ ယူနေကြတာကိုတွေ့ရပါတယ်။ အသင်းကောင်းတွေဟာ ဆုကြေးငွေတွေကို ပိုမို သုံးစွဲခွင့်ရပါတယ်။ ရုပ်သံကုမ္ပဏီတွေက သူတို့ရဲ့ ပွဲတွေကို ပိုမို ဦးစားပေးပြသကြပါတယ်။ ဒီလိုနဲ့ ရုပ်သံဝင်ငွေခွဲဝေမှု ပိုရပါတယ်။ အလားတူပဲ ရုပ်သံမှာ ပြသခံရချိန်များခြင်းကနေ သူတို့ရဲ့ဝင်ငွေက တိုးသထက်တိုးလာပါတယ်။ အဲဒီကနေ စပွန်ဆာဝင်ငွေ တိုးလာပါတယ်။ ရလာတဲ့ ဆုကြေး၊ ရုပ်သံဝင်ငွေနဲ့ စပွန်ဆာဝင်ငွေတွေကို သူတို့ဟာ သွေးသစ်စုဆောင်းမှုတွေ ပိုမိုလုပ်နိုင်ပါတယ်။ အခြားအသင်းတွေထက် ငွေကြေးကို ပိုမိုလည်ပတ်သုံးစွဲခွင့်ရပါတယ်။ ကွင်းထဲကို ဝင်ကြည့်ချင်တဲ့ ပရိသတ်တွေ အရမ်းများလာတဲ့အခါ လက်မှတ်စျေးနှုန်းတွေကို တဖြည်းဖြည်း မြှင့်တင်ပါတယ်။ ဒီလိုနဲ့ ရလာတဲ့ ဝင်ငွေတွေကို အသုံးချပြီး အကောင်းဆုံး နည်းပြတွေ ငှားလာနိုင်တယ်၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာနိုင်တယ်။ အကောင်းဆုံး သင်ထောက်ကူ ပစ္စည်းတွေနဲ့ ကစားသမားတွေကို ပျိုးထောင်တယ်။ သူတို့ဟာ အခြားအသင်းတွေထက် ပိုမိုအောင်မြင်နိုင်ခြေမြင့်ပြီး တကယ်အောင် မြင်မှုတွေရလာတဲ့အခါ ဝင်ငွေတွေတိုးလာပြန်တယ်။ ဒီလိုနဲ့ အောက်အသင်းတွေက မွေးထုတ်လိုက်တဲ့ ပါရမီရှင်ကစားသမားတွေကို ငြင်းမရတဲ့ ငွေကြေးပေးခေါ်ယူပြီး၊ အောက်အသင်းတွေကို တက်မလာအောင် အပြုတ်တိုက်ကြပြန်တယ်။ ဒါကြောင့်လည်း အောင်မြင်တဲ့အသင်းတွေဟာ အနာဂတ်မှာ ပိုမိုအောင်မြင်ဖို့အတွက် အခြားအသင်းတွေထက် အခွင့်အရေးပိုရပြီး၊ အောက်ခြေက အသင်းတွေကတော့ အောက်ခြေမှာပဲ ဆက်နေဖြစ်ဖို့ များသွားခြင်းဖြစ်ပါတယ်။ 

သဘာဝတရားကိုယ်တိုင်က ဒီလိုနည်းနဲ့ပဲ ကစားနေတာကိုလည်း ကျွန်တော်တို့ မြင်နိုင်ပါ တယ်။ အတူတူပြိုင်ဆိုင်ကြရင်း အခြားတစ်ခုကို ဖယ်ထုတ်ခြင်းနိယာမဟာ သဘာဝတရားမှာကို ရှိပါတယ်။ အချိန်တစ်ခု၊ နေရာတစ်ခုတည်းမှာ မတူညီတဲ့ မျိုးစိတ် ၂ ခုဟာ တစ်ပြိုင်နက်တည်း အတူ ယှဉ်တွဲဖွံဖြိုးလေ့မရှိပါဘူး။ ခြားနားတဲ့ မျိုးစိတ်နှစ်ခုဟာ တစ်နေရာတည်းမှာ အတူတူရှိနေရင် သူတို့အချင်းချင်းအားပြိုင်ကြပြီး အခြေအနေတစ်ခုခုကြောင့် အသာစီးရထားသူဟာ ဧရိယာတစ်ခုလုံးကို အပိုင်သိမ်းသွားတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဂျာမန်ဖီလော်ဆော်ဖာနဲ့ စီးပွားရေးပညာရှင် ကားလ်မက်စ်က Capitalism ကို ပြဿနာတစ်ခုအဖြစ် မြင်ပါတယ်။ သူက စျေးကွက်ထဲမှာ ရှိနေတဲ့ ကုမ္ပဏီနှစ်ခုဟာ နည်းပညာပိုင်းအားသာချက်ကြောင့်ဖြစ်စေ၊ မှန်ကန်တဲ့မဟာဗျူဟာနဲ့ ရွေးချယ်မှုတွေကြောင့်ဖြစ်စေ နည်းနည်းလေး အသာရသွား ပြီးနောက် ပြိုင်ဘက်ကို လုံးဝခါချသွားတဲ့အထိ တိုက်ခိုက်နိုင်တဲ့အချက်ကို စိတ်ပျက်ပါတယ်။ အသာစီးရလာတာနဲ့အမျှ ငွေကြေးကို ပိုမိုလည်ပတ်ခွင့်ကို လုပ်လာနိုင်မယ်။ အထောက်အကူပြု ပစ္စည်း တွေနဲ့ နည်းပညာကို ပိုမို အသုံးချခွင့်ရလာမယ်။ အစိုးရရဲ့ အကာအကွယ်ပေးမှုတွေသာ မရှိဘူး ဆိုရင် တစ်ဖက်ကလုပ်ငန်းဟာ တဖြည်းဖြည်း လုံးပါးပါးသွားနိုင်တယ်လို့ သူက မြင်ပါတယ်။ ကျွန်တော်တို့က ဘောလုံးကို ပြန်စဉ်းစားတဲ့အခါ အရင်းရှင်စနစ်နဲ့ သွားနေသည့်တိုင်အောင် ဒီလောကကို အကာအကွယ်ပေးတဲ့ စည်းမျဉ်းတွေ လိုအပ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဥပမာ ဘဏ္ဍာရေးသာတူညီမျှဖြစ်ရေး စည်းမျဉ်းမျိုးတွေဟာ ထိရောက်ပြီး အားကောင်းသင့်ပါတယ်။ ငွေကြေးချမ်းသာတဲ့ ကလပ်အသင်းတွေရဲ့အားသာချက်ဟာ အပေါ်မှာရေးခဲ့ပြီးသားပါ။ ဒါကိုမှ FFP လို စည်းမျဉ်းမျိုးတွေဟာ အသင်းကြီးတွေ အတွက် ရယ်စရာ၊ လှောင်စရာဖြစ်နေမယ်ဆိုရင် အသင်းငယ်တွေအတွက်တော့ မစဉ်းစားရဲစရာပါပဲ။ မန်စီးတီးလို၊  PSG လိုအသင်းတွေဟာ FFP သာမခိုင် မာရင်ဘောလုံးလောကကို ၀ါးမြိုသွားဖို့ မခက်ပါဘူး။ အောင်မြင်မှုတွေယူလာနိုင်ပြီဆိုတာနဲ့ အခြား သော မျိုးစိတ်တွေကို သူတို့က လွှမ်းမိုးလာမှာ သေချာပါတယ်။ အခု FFP ရှိတာတောင် ဥရောပဘောလုံးလောကဟာ လူချမ်းသာ အသင်းကြီးတွေရဲ့ နားရွက်တံတွေးစွတ်ခံလိုက်ရတာမျိုးတွေ ရှိနေတာကို တွေ့ရပါတယ်။ 

တစ်ခါတလေ ဘောလုံးက လူ့ဘဝနဲ့ တူပါတယ်။ ငွေကြေး ချို့တဲ့တဲ့ကလေးငယ်တွေဟာ များသောအားဖြင့် ဆိုးရွားတဲ့  ပညာရေး အခြေအနေနဲ့ပဲ ကြုံတွေ့ရပါတယ်။ ဒီအကျိုးဆက်က ဆိုးရွားတဲ့ အလုပ်နဲ့ ဝင်ငွေအတန်းအစားထဲကို ရောက်စေပါတယ်။ သူတို့ရဲ့ ဆင်းရဲမွဲတေမှုဟာ ဘဝတစ်လျှောက်လုံး ကြုံတွေ့ရတဲ့အဆင့်တိုင်းမှာ အခက်အခဲတွေဖြစ်စေပါတယ်။ ငွေကြေးမချမ်းသာတဲ့ မိသားစုတစ်ခုကို အရွယ်ရောက်တဲ့အခါ တည်ဆောက်ပါပြီ။ သူဟာ ဘဏ်တွေဆီကနေ ချေးငွေလုံလုံလောက်လောက်ရယူပြီး ကြိုးစားဖို့ အရည်အသွေးမပြည့်မီပါဘူး။ သို့မဟုတ် အနိမ့်ပါးဆုံး ချေးငွေနဲ့ လုပ်ငန်းတစ်ခုကို တည်ဆောက်ဖို့ ပိုင်ဆိုင်မှုမရှိပါဘူး။ ဒီလိုနဲ့ ဝင်ငွေနိမ့်ပါးတဲ့ အောက်ခြေလူတန်းစားအဖြစ် နှစ်ပေါင်းများစွာ၊ သို့မဟုတ် သေတဲ့အထိ နေသွားရပါတယ်။ အဲဒီ အဖြစ်မျိုးဟာ လက်ရှိဘောလုံးကမ္ဘာရဲ့ ဆင်းရဲတယ်ဆိုတဲ့အသင်းတွေကြုံရတဲ့ ပြဿနာပါ။ ဆင်းရဲတဲ့ အသင်းတွေအတွက် ဆက်ဆင်းရဲစေမယ့် အခြေအနေတွေက အဆင်သင့် ရှိနေပြီး ချမ်းသာတဲ့အသင်းတွေအတွက် ချမ်းသာတဲ့ အခြေအနေတွေ အဆင်သင့် ရှိနေတာက သံသရာတစ်ခုလိုပါပဲ။

 

Most Read

Most Recent