အီဘီဇာကမ်းခြေရှိ မက်ဆီ၏နေအိမ်သို့ ရာသီဥတုတက်ကြွလှုပ်ရှားသူများ ဝင်ရောက်ပြီး နေအိမ်ရှေ့မျက်နှာစာကို မှုတ်ဆေးများဖြင့် ဖျန်းပက်

အီဘီဇာကမ်းခြေရှိ မက်ဆီ၏နေအိမ်သို့ ရာသီဥတုတက်ကြွလှုပ်ရှားသူများ ဝင်ရောက်ပြီး နေအိမ်ရှေ့မျက်နှာစာကို မှုတ်ဆေးများဖြင့် ဖျန်းပက်
Photo: X
Photo: X
Published 8 August 2024

ရာသီဥတုပြောင်းလဲနေမှုအပေါ် လူချမ်းသာများ တာဝန်ယူမှုရှိစေရန် လှုံ့ဆော်မှုအဖြစ် တက်ကြွလှုပ်ရှားသူများက အီဘီဇာကမ်းခြေရှိ  အာဂျင်တီးနားနာမည်ကျော်ဘောလုံးသမား မက်ဆီ၏နေအိမ်အား သြဂုတ်လ(၆) ရက်က မှုတ်ဆေးဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံအခြေစိုက် ရာသီဥတုပြောင်းလဲမှု အသိပညာပေးအဖွဲ့အစည်းဖြစ်သည့် Futuro Vegetal မှထုတ်ပြန်သည့် ဗီဒီယိုတွင် အဖွဲ့ဝင်နှစ်ဦးက အီဘီဇာအနောက်ဘက်ကမ်းခြေ၊ Cala Tarida ပင်လယ်ကွေ့ငယ် အနီးအနားရှိ နေအိမ်တွင် ''ကမ္ဘာဂြိုဟ်ကို ကူညီပါ-- ချမ်းသာမှုကို စားသုံးပါ--ရဲတပ်ဖွဲ့ကို ဖျက်သိမ်းပါ''ဟူသော စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တက်ကြွလှုပ်ရှားသူများသည် နေအိမ်အရှေ့မျက်နှာစာရှိ အဖြူရောင်အုတ်နံရံကို အနီနှင့် အနက်ရောင်ဆေးများဖြင့် ဖျန်းပက်ခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့၏ကြေညာချက်တွင် ချမ်းသာသူများသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များတွင် တာဝန်ယူသင့်ကြောင်း ဥပဒေနှင့်မညီ ဆောက်လုပ်ထားသည့် စံအိမ်တစ်ခုကို ပစ်မှတ်ထားဖော်ပြကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။

မက်ဆီသည် မြေထဲပင်လယ်ကျွန်းရှိ ယင်းနေအိမ်ကို ၂၀၂၂ ခုနှစ်က ဆွစ်လုပ်ငန်းရှင်တစ်ဦးထံမှ ယူရို (၁၁)သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ယင်းစံအိမ်သည် ဥပဒေနှင့်မညီသည့်အခြေအနေများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

ပိုင်ဆိုင်မှု အထောက်အထား၊ ခွင့်ပြုချက်မရှိသော အခန်းများထည့်သွင်းတည်ဆောက်မှု စသည့် ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Futuro Vegetal အဖွဲ့အစည်းသည် နိုင်ငံတကာရှိ အသွင်ကဏ္ဍာန်တူ အဖွဲ့အချို့နှင့် ချိတ်ဆက်မှုများရှိနေပြီး ဆန္ဒပြမှုများ ဒါဇင်နှင့်ချီ ပြုလုပ်ခဲ့ကြောင်း အထောက်အထားအချို့အရ သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း အမေရိကန်ဘီလျံနာ နန်စီဝေါ်လ်တန်လော်ရီ ပိုင်ဆိုင်သည့် နေအိမ်ကို အလားတူ အနီရောင်နှင့် အနီရောင်ဆေးများ ဖျန်းပက်ရေးခြယ်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ပြန်မှုတွင် စပိန်ရဲတပ်ဖွဲ့က Futuro Vegetal အဖွဲ့ဝင် (၂၂)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယင်းသို့ ဖမ်းဆီးမှုတွင် မက်ဒရစ်မြို့ရှိ ပြတိုက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် နှစ်ဦး ပါဝင်ခဲ့ပြီး Futuro Vegetal အဖွဲ့အစည်းမှ ထိပ်တန်းခေါင်းဆောင် သုံးဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားသမ္မတဖြစ်သူ ဟာဗီယာမီလေက မက်ဆီနှင့် သူ၏မိသားစုဘက်မှ ရပ်တည်ကြောင်း ပြောကြားခဲ့ပြီး အာဂျင်တီးနားနိုင်ငံသားများ၏ လုံခြုံရေးအတွက် အာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။

မက်ဆီအနေဖြင့် အီဘီဇာကမ်းခြေရှိ ယင်းနေအိမ်ကို ဝယ်ယူထားသော်လည်း အမြဲတစေ နေထိုင်ခြင်းမရှိဘဲ အားလပ်ရက်ခရီးထွက်သည့်အခါ အနားယူအပန်းဖြေရန်အတွက်သာ အသုံးပြုလေ့ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent