ကစားသမားသစ်များ ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း စိတ်မပူဘဲ အသင်းအပေါ်ယုံကြည်ထားကြရန် လီဗာပူးလ်ပရိသတ်များကို ကာရေဂါတိုက်တွန်း

ကစားသမားသစ်များ ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း စိတ်မပူဘဲ အသင်းအပေါ်ယုံကြည်ထားကြရန် လီဗာပူးလ်ပရိသတ်များကို ကာရေဂါတိုက်တွန်း
Photo: MT
Photo: MT
Published 8 August 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွ့က်နေသည့် လီဗာပူးလ်ဂန္ထဝင်ကစားသမား ကာရေဂါက အသင်းအနေဖြင့် ယခုအချိန်ထိ ကစားသမားသစ်များ ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း စိတ်မပူဘဲ အသင်းအပေါ် ယုံကြည်မှုထားကြရန် လီဗာပူးလ်ပရိသတ်များကို တိုက်တွန်းပြောကြားခဲ့သည်။

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်း (၂၀) အနက် ယခုနွေရာသီတွင် ကစားသမားသစ် မခေါ်ရသေးသည့်အသင်းမှာ လီဗာပူးလ်တစ်သင်းတည်းသာ ကျန်ရှိတော့သည်။

ထို့ကြောင့် လီဗာပူးလ်ပရိသတ်များသည် ရာသီသစ်အတွက် စိတ်ပူနေကြပြီး အသင်းတာဝန်ရှိသူများနှင့် နည်းပြသစ် အာနယ်ဆလော့တို့ကို ပြစ်တင်ပြောဆိုမှုများ ရှိနေသည်။

သို့သော် လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့ကမူ ၎င်းတို့အနေဖြင့် ကစားသမားသစ်များခေါ်ယူရန် ကြိုးပမ်းနေပြီး အသင်းနှင့်ကိုက်ညီသည့်ကစားသမားကို ရွေးချယ်ရသည်မှာ မလွယ်ကူကြောင်း ဆိုထားသည်။

ယခုအခါ ကာရေဂါက ''လီဗာပူးလ်ပရိသတ်တွေအနေနဲ့ စိုးရိမ်နေဖို့ မလိုပါဘူး။ သူတို့လုပ်ရမှာ အသင်းအပေါ် ယုံကြည်ထားဖို့ပါပဲ။ နောက်ဆုံး (၁၀)နှစ်အတွင်း လီဗာပူးလ်တာဝန်ရှိသူတွေ လုပ်ခဲ့တာ အရမ်းကောင်းပါတယ်။ အခုလည်း  သူတို့ဟာ အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်ထားတာပါ။ သူတို့ုကို ယုံကြည်ပါ။ သူတို့အလုပ်ကို သူတို့လုပ်ပါစေ။ လီဗာပူးလ်က အရမ်းကောင်းတဲ့ အသင်းတစ်သင်းဖြစ်လို့ ပိုကောင်းတဲ့ကစားသမားကို ရှာရတာ မလွယ်ကူပါဘူး။ ယာဂန်ကလော့ပ် ဆက်ရှိနေမယ်ဆိုရင်တော့ လီဗာပူးလ်အနေနဲ့ အစောကြီးကတည်းက ကစားသမားသစ်တွေ ခေါ်ယူပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခု ဆလော့က အသင်းမှာရှိတဲ့ ကစားသမားတွေအကြောင်း သိပ်မသိသေးပါဘူး။ ဆလော့အနေနဲ့ အက်ဒ်ဝက်ဒ်၊ ရစ်ချတ်ဟုချ်တို့နဲ့ပေါင်းပြီး လုပ်စရာရှိတာ လုပ်ပါလိမ့်မယ်။ စိတ်ပူဖို့မလိုပါဘူး''ဟု ဆိုခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုနွေတွင် ကွင်းလယ်အဖျက်ကစားသမား၊ ဘယ်နောက်ခံလူနှင့် တောင်ပံကစားသမားများ ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent