လူကာကူ၏ အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် ချယ်လ်ဆီးအသင်းသို့ အိုဆင်မန် အငှားသွားရောက်ကစားမည်ဆိုခြင်းကို အေးဂျင့်ဖြစ်သူ ငြင်းဆန်

လူကာကူ၏ အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် ချယ်လ်ဆီးအသင်းသို့ အိုဆင်မန် အငှားသွားရောက်ကစားမည်ဆိုခြင်းကို အေးဂျင့်ဖြစ်သူ ငြင်းဆန်
Photo: X
Photo: X
Published 1 August 2024

လူကာကူ၏ အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းသို့ အိုဆန်မန် အငှားသွားရောက်ကစားမည်ဆိုခြင်းကို ၎င်း၏ အေးဂျင့်ဖြစ်သူက ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

နာပိုလီနည်းပြသစ် ကွန်တီသည် ချယ်လ်ဆီးအသင်းတွင် လက်တွဲခဲ့ဖူးသည့် လူကာကူအားခေါ်ယူလိုနေပြီး အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အိုဆင်မန်အား ချယ်လ်ဆီးအသင်းထံ အငှားချရန်ပြင်ဆင်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

နာပိုလီအသင်းသည် ချယ်လ်ဆီးအသင်းထံသို့ အိုဆင်မန်အား အငှားချရန်စီစဉ်နေရာတွင် အပြီးသတ်ခေါ်ယူခွင့်ပါဝင်သည့် အချက်ကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဆက်လက်ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် အိုဆင်မန်၏အေးဂျင့်ဖြစ်သူ ရော်ဘတ်တိုကာလန်ဒါက လူမှုကွန်ရက် X တွင် ယခုကဲ့သို့ Post တင်ခဲ့ကြောင်း Goal.com က  ဖော်ပြခဲ့သည်။

''အီတလီမီဒီယာတွေက အိုဆင်မန်နဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်သတင်းတွေရေးနေကြတယ်။ သူတို့က ဗစ်တာ(အိုဆင်မန်)ကို ပါဆယ်ထုပ်တစ်ထုပ်လို ဟိုပို့ဒီပို့ လုပ်နေကြတယ်။ ဗစ်တာဟာ နာပိုလီအသင်း တတိယအကြိမ်မြောက် စီးရီးအေအမှတ်ပေးဖလားရခဲ့တုန်းက ဂိုးသွင်းဘုရင်ဆုရယူခဲ့သူပါ။ အီတလီမီဒီယာတွေအနေနဲ့ အိုဆင်မန်ကို လေးစားမှုရှိသင့်တယ်။ သတင်းတုတွေကို ရပ်တန့်သင့်ပါပြီ''ဟု ရော်ဘတ်တိုကာလန်ဒါက ၎င်း၏ X တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

အိုဆင်မန်သည် နာပိုလီအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၃၃)ပွဲကစားခဲ့ပြီး (၇၆)ဂိုးသွင်းယူခဲ့ကာ နှစ်ပေါင်း(၃၀)ကျော်ဝေးကွာနေသည့် စီးရီးအေချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။

အီတလီမြေတွင် အောင်မြင်မှုများရယူနိုင်ခဲ့သည့် အိုဆင်မန်ကို ဥရောပထိပ်သီးအသင်းများက ပစ်မှတ်ထားနေကြပြီး ၎င်းအား ခေါ်ယူလိုသည့်အသင်းအနေဖြင့် စာချုပ်လျော်ကြေး ပေါင်သန်း (၁၁၀)ခန့်ပေးချေရဖွယ်ရှိကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အိုဆင်မန်သည် နာပိုလီအသင်း၏ ရာသီကြိုပွဲစဉ်များတွင် လိုက်ပါခြင်းမရှိဘဲ ဥရောပထိပ်သီးအသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်နေသူဖြစ်သည်။

အိုဆင်မန်အား ချယ်လ်ဆီးအသင်းအပြင် ဥရောပထိပ်သီးအသင်းများဖြစ်သည့် PSG အသင်း နှင့် အာဆင်နယ်အသင်းတို့ကလည်း ပစ်မှတ်ထားနေကြကြောင်း သိရှိရသည်။

Most Read

Most Recent