■ လားရှိုးမြို့အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

■ လားရှိုးမြို့အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
Published 27 July 2024

■ လားရှိုးမြို့အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

■ သာသနာ ၂၅၀၀ တောင်ကုန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်နေပြီး သိန္နီ လမ်းပေါ် ရှိ နေရာအချို့တွင်‌ရှော့တိုက်ဒုံးကျရောက်မှုများရှိနေ

လားရှိုးမြို့အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယနေ့ နံနက် အစောပိုင်းမှစ၍ လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်နေ ကြောင်း နှင့် သိန္နီ လမ်းပေါ် ရှိ နေရာအချို့တွင်‌ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲ မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

မြို့တွင်းတိုက်ပွဲများဖြစ်လာမှုနှင့်အတူ ကျန်ရှိနေသော မြို့နေပြည်သူများထဲမှ တချို့ လည်း ယခု ရက်များအတွင်း စစ်ဘေးရှောင်ကြရပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် လားရှိုးမြို့ နေ ဒေသခံ ပြည်သူ ခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းကျော် စစ်‌ဘေး ရှောင်‌နေ ကြရပြီး စစ်ရှောင်ရန်အခြေအနေမရကြသည့် ဒေသခံ ပြည်သူ အနည်းငယ်သာ မြို့တွင် ကျန်ရှိဖွယ်ရှိကြောင်း စုံစမ်းသိရသည်။ ယင်းအပြင် ဖုန်းလိုင်း၊ ဖိုက်ဘာ အင်တာနက်လိုင်းများပါ ပြတ်တောက်နေရာ မြေပြင် အခြေအနေ သတင်းများ ရရှိရန် ခက်ခဲနေကြောင်း သိရသည်။

ယမန်နေ့ (ဇူလိုင် ၂၆ ) ရက် မွန်းတည့် ၁၂ နာရီ နောက်ပိုင်းမှ စ၍ ဖုန်းလိုင်း၊ ဖိုင်ဘာ အင်တာနက်လိုင်းများ လုံးဝနီးပါး ပြတ်တောက် သွားခြင်းကြောင့် လားရှိုးမြို့ခံ သတင်း အရစ်အမြစ်များနှင့် ဆက်သွယ်မှုများ ပြတ်တောက်နေဆဲ ဖြစ်ကာ လက်ရှိအချိန်ထိလည်း လားရှိုးမြို့တွင်း တိုက်ပွဲများ နှင့် ပတ်သက်၍ မြေပြင် အတည်ပြုချက် ရယူရန် ခက်ခဲနေလျက် ရှိသည်။

ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက လားရှိုးမြို့မှ စစ်ရှောင်သွားကြသည့် ဒေသခံအချို့၏ အဆိုအရ ဇူလိုင် ၂၆ ရက်တွင် မြို့တွင်း၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး Drop Bomb များဖြင့် တိုက်ခတ်ခံရကြောင်း သိရကာ ယင်းနှင့်ပတ်သက်၍ “ကျွန်တော်တို့ မနေ့က စပြီး စစ်ရှောင်ဖို့ လုပ်ရတယ်။ မြို့တွင်းမှာ တိုက်ပွဲအသံတွေ ပိုပြင်းထန်လာတယ်။MNDAA က Drop Bomb တွေ ချတယ်။ ကျွန်တော်တို့ အနေနဲ့ အရှေ့ပိုင်းရက်တွေမှာ ကိုယ့်မြို့အတွက် နိုင်သလောက် ကြိုးစားကူညီမှုတွေ လုပ်ပေမယ့် မနေ့က (ဇူလိုင် ၂၆) ရက်မှာ တောင်ကြီးဘက်ရှောင်ဖို့ လုပ်လိုက်ရတယ်။ ဖုန်းလိုင်းတွေ ဖိုက်ဘာ အင်တာနက်လိုင်းတွေလည်း ပြတ်နေပြီ” ဟု လားရှိုးမြို့တွင် တိုက်ပွဲစတင်ချိန်မှစ၍ ကူညီမှုများ လုပ်နေသည့် ပရဟိတသမားတစ်ဦးက Eleven Media Group သို့ ပြောကြားသည်။

ဇူလိုင် ၂၆ ရက်နေ့အထိ လားရှိုးမြို့တွင်းမှ ဘေးလွတ်ရာသို့ စစ်ရှောင်မှုများ ရှိခဲ့ပြီး မြို့နေပြည်သူလူထု အများစု ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ တောင်ကြီး၊ မန္တလေးဘက်သို့ စစ်ရှောင် ကြသည့်ပြည်သူများအနေဖြင့် လမ်းခရီးတွင် အခက်အခဲများဖြင့် ရင်ဆိုင် ကြရပြီး လားရှိုးအထွက်လမ်းတစ်လျှောက်တွင် MNDAA ၊ PDF များ၏ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ခံရကြောင်းလည်း စစ်ရှောင်အချို့၏ ပြောကြားချက်များအရ သိရသည်။ ယမန်နေ့က စစ်ရှောင်သူတစ်ဦး၏ အဆိုအရ လားရှိုးမြို့နှင့် မိုင် ၃၀ ခန့်ဝေးသော ဟိုယ ရွာ တွင် MNDAA၊ PDF နှင့် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ လုပ်ဆောင်ကြပြီး အချို့မှာ အတင်းအကျပ် ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက်နေ့က တောင်ကြီးမြို့သို့ စစ်ရှောင်အဖြစ်ရောက်ရှိလာသူ တစ်ဦးကလည်း“ကျွန်တော်တို့ လမ်းတစ်လျောက် အတော် သတိထားခဲ့ရတယ်၊ ဟိုယရွာ ဘက်မှာ သူပုန်အဖွဲ့တွေက အရမ်းစစ်တယ်၊ ကျွန်တော်တို့ ဖုန်းထဲမှာ ဘာပုံမှမထားရဲဘူး၊ ဝန်ထမ်းတွေဆိုမလွယ်ဘူး၊ ပင်စင်စာအုပ်လိုမျိုး ပါသွားတဲ့ အသက်ကြီးသူတွေတောင် မချောင်ဘူးပြောတယ်၊ အတင်းအဓမ ဖမ်းဆီးတာတွေ မထင်ရင်မထင်သလို လုပ်ကြတယ်။ မြို့ထဲမှာကတော့ ပြေးလို့အဆင်မပြေတဲ့သူတွေ မထူးဘူး နေရတော့မယ့်အခြေအနေရှိတဲ့သူတွေလောက်ပဲ ကျန်တော့မယ်ထင်တယ် “ ဟု Eleven Media သို့ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယမန်နေ့ညပိုင်းက MNDAA ဘက်မှ ထုတ်ပြန်ချက်များအရ ၎င်းတို့အနေဖြင့် လားရှိုးမြို့တော်ခန်းမ ၊လားရှိုး ရဲစခန်း ၊ ဆေးရုံကြီး ၊ မီးသတ် ဌာန ၊ (၄၁) ၊ (၅၀၇) ၊ (၉၅၉) ၊ ဆောက်လုပ်ရေးတပ်ခွဲ နှင့် အင်ဂျင်နီယာ တပ်ရင်း စသဖြင့် နေရာအချို့ ကို သိမ်းပိုက် ရရှိပြီဟု ဆိုကာ ဓါတ်ပုံများ ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ဇူလိုင် ၂၆ ရက် မနက်ပိုင်းကလည်း လားရှိုး မြို့မဈေး နှင့် လားရှိုး မိုတယ်ဘက်ခြမ်း တို့တွင် MNDAA အဖွဲ့ဝင် များ ဝင်ရောက်လာသည့် ဓါတ်ပုံနှင့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ဖြန့်ချိမှုများ ရှိခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်ထိ လားရှိုးတွင် လေကြောင်းပစ်ခတ်မှုများ နှင့် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားဆဲ ဖြစ်ကာ ၎င်းတို့ ထုတ်ပြန်ခဲ့သော နေရာများ ၊ တပ်စခန်းများတွင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ၎င်းတို့ အမှန်တကယ် စိုးမိုး သိမ်းပိုက်ထားမှု ရှိ မရှိ ဆိုသည်ကိုမူ အတည်ပြုချက် ရယူရန် ခက်ခဲလျက်ရှိသည်။

တပ်မတော်နှင့် နီးစပ်သည့် Telegram ချန်နယ် များတွင်မူ လားရှိုးမြို့သို့ ဝင်ရောက်လာသော MNDAA ပူးပေါင်းအဖွဲ့များ အနေဖြင့် တပ် ဂိတ်စခန်းရှေ့ ၊ မြို့တော် ခန်းမ အရှေ့ နှင့် နေရာအချို့တွင် ဓါတ်ပုံရိုက်ယူ၍ တပ်မတော်နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဆုတ်ခွါသွားမှုများ ရှိကြောင်း ပြောဆိုမှုများလည်း ရှိ‌နေ သည်။

MNDAA ဘက်မှ ထုတ်ပြန်သော ဓါတ်ပုံများတွင် မြို့တော်ခန်းမ ၌ Drop Bomb ကျရောက်မှုများ ကြောင့် အပျက်အစီးအချို့ တွေ့ရပြီး တပ်စခန်း ဂိတ်များတွင် ဖော်ပြထားသော ဓါတ်ပုံများအရ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် အခြေအနေမျိုး မတွေ့ရပေ။ တပ်စခန်းများရှိ တပ်ဖွဲ့ဝင်များ အနေဖြင့် တိုင်း စစ်ဌာနချုပ် (ရမခ) နှင့် ပူးပေါင်း၍ ခံစစ် ပြင်ဆင် ဖွယ်ရှိသည့် အခြေအနေမျိုးလည်း ဖြစ်နိုင်ကြောင်း သိရပြီး လားရှိုးမြို့အတွင်း စစ်ရေး အခြေအနေများနှင့် ပတ်သက်၍မူ သဲသဲကွဲကွဲ သိရှိနိုင်ရန် မလွယ်ကူပေ။

ဇူလိုင် ၂၆ ရက် တစ်နေ့လုံးတွင် တပ်မတော်က လေကြောင်းပစ်ကူဖြင့် လားရှိုးမြို့ရှိ ရန်သူပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ “ တပ်က အနီးကပ် တိုက်ပွဲတွေ ဆင်နွှဲနေတယ်။ မနေ့က တံတားဦးလေဆိပ်ကနေပဲ လေကြောင်း ဖိုက်တာတွေတက်တာ အကြိမ်ရေများတယ်။ လားရှိုးကို မနေ့က စုစုပေါင်း လေ‌ကြောင်း တိုက်ခိုက်မှု ဒါဇင်နဲ့ချီ လုပ်ဆောင်တယ်လို့ သိရတယ်။ လေကြောင်းအားသာချက်နဲ့ သူတို့ကို အသာစီးရဖို့ လုပ်မှာပဲ” ဟု စစ်သတင်းအရင်းအမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်ဘက်က ပုံမှန် သတင်းထုတ်ပြန်မှု မရှိသော်လည်း ဇူလိုင် ၂၆ ရက်က လားရှိုး အခြေအနေနှင့် ပတ်သက်ပြီး နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်တွင် စစ်တိုင်းဒေသကြီး ၁၄ ခုရှိသည့်အနက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် အစဉ်အလာကြီးမားသည့် စစ်တိုင်းကြီးဖြစ်ကြောင်း၊ ပြည်ပကူမင်တန်ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ကြောင်း၊ ဗကပများ၏ ကျူးကျော်စစ်တွေကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကို ဓားပြသာသာ စစ်ဘုရင်၊ ဘိန်းဘုရင်တွေရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့သည့် စစ်တိုင်းကြီးတစ်ခု ဖြစ်ခဲ့ကြောင်း၊ မြို့ရွာများထဲသို့ အရပ်သားအယောင်ဆောင်ပြီး စိမ့်ဝင်လာသည့် လက်နက် ကိုင်အဖွဲ့များအား တိုင်းရင်းသားပြည်သူလူထု၊ တပ်မတော်၊ ရဲတပ်ဖွဲ့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ပူးပေါင်းရှင်းလင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်သည် လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသည့် တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုနှင့်အတူ အသက် သွေးချွေးများစွာ ပေးဆပ်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံတွင် သောင်းကျန်းသူအဖွဲ့မျိုးစုံ သူပုန်ထမှုများ ကြောင့် ရန်ကုန်အစိုးရဟု ခေါ်ခံရသည့် ကာလမျိုး၌ တိုင်းရင်းသားပြည်သူလူထုနှင့်အတူပူးပေါင်းပြီး နိုင်ငံ လွတ်လပ်ရေးနှင့် ပြည်သူလူထု အချုပ်အခြာ အာဏာကို ကာကွယ်ခဲ့ရကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

“ တိုင်းရင်းသား ပြည်သူလူထုကို ကာကွယ်သော ကာကွယ်စစ်ဟာ မုချအောင်မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှိနေသ၍ တပ်မတော်ရှိပါမယ်။ တပ်မတော် ရှိနေသ၍ မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရပါမယ်။ ပြည်သူ လူထုရဲ့ ပိုင်ဆိုင်မှု၊ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝ လုံခြုံစေရပါမယ်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပြီး လက်တွဲညီညီဆောင်ရွက်ရင်း အမိမြေသာယာစေဖို့ ငါတို့မြေကို ငါတို့ကာကွယ်ကြပါစို့ ” ဟုလည်း ပြောကြားခဲ့သည်။

လတ်တလော သိရသော အခြေအနေများအရ မြို့တွင်းနေရာအချို့တွင် တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့များအကြား အနီးကပ် တိုက်ပွဲများ ဆင်နွှဲ လျက်ရှိပြီး ယနေ့ နံနက်ပိုင်းရ ရှိသော သတင်းများအရ သာသနာ ၂၅၀၀ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေကြောင်းစုံစမ်းသိရသည်။

“ ဒီနေ့ မနက် သုံးနာရီ လောက်ကတည်းက သာသနာ ၂၅၀၀ ဘက်မှာရှိတဲ့ တပ်စခန်းကို MNDAA တွေဘက်က ရှော့တိုက်ဒုံးတွေနဲ့ပစ်တယ်ကြားတယ်။ သာသနာ ၂၅၀၀ ကုန်း ရဲ့ ဟိုဘက်အခြမ်းမှာ ရမခ ရှိတယ်။ ဒီဘက်အခြမ်းက မြို့တော်ခန်းမတို့ သူတို့တွေ ဝင်လာတဲ့နေရာတွေပေါ့ အဲဒီကနေ ပစ်တာလို့ယူဆ ရတယ်။ တပ်ရှိတဲ့ ကုန်းကို ပစ်ဖို့လုပ်တယ် သိန္နီ လမ်း ပေါ် သူတို့ရဲ့ ရှော့တိုက်ဒုံးတွေလည်းကျတယ်။ မိခင်နဲ့ က‌လေး ရုံးတွေရှိတယ်။ အဲဒီလမ်း က မန်ဆူဟိုတယ်တို့ မန်ဆူဘက်သွားတဲ့ လမ်းပေါ့။ ဒီနေ့လည်း တိုက်ပွဲတွေ ပြင်းထန်မယ်ထင်တယ်” ဟု စစ်သတင်းများကို စောင့်ကြည့် သိရှိသည့် ဒေသခံတစ်ဦးကလည်း ပြောကြားခဲ့သည်။

ယမန်နေ့ကလည်း ရမခ နှင့် အနီးတဝိုက်တွင် ရှိသည့် လားရှိုးတက္ကသိုလ်ကိုလည်း MNDAA အဖွဲ့က Drop Bomb များဖြင့် ပစ်ခတ် သိမ်းယူရန် လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း တပ်မတော်က လားရှိုးတက္ကသိုလ် အနီးတဝိုက်ကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်မှစတင်၍ ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်းပြန်စသည်ဆိုကာ TNLA အဖွဲ့က မိုးကုတ် ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါတွင်လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ - စဉ့်ကူးတွင် လည်းကောင်း၊ ဇူလိုင် ၃ ရက်မှစတင်၍ MNDAA အဖွဲ့နှင့်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၆ ရက်အထိ ယင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သိမ်းပိုက် ရရှိခဲ့ကြောင်း MNDAA က ဇူလိုင် ၂၅ ရက်တွင် သတင်းအမှားများ ထုတ်လွှင့်ခဲ့သော်လည်း လက်ရှိအချိန်ထိ လားရှိုးမြို့အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး (ရမခ) အနီးတဝိုက် တွင်သာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

Most Read

Most Recent