ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှုများ လျော့ကျလာစဉ် အာဏာပိုင်များက ကာဖျူးထုတ်ပြန်ထားမှုကို ထပ်မံဖြေလျှော့

ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှုများ လျော့ကျလာစဉ် အာဏာပိုင်များက ကာဖျူးထုတ်ပြန်ထားမှုကို ထပ်မံဖြေလျှော့
Published 25 July 2024
Ref:AFP

အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြသည့် လှုပ်ရှားမှုကို မည်သို့လုပ်ဆောင်မည်နည်းဆိုသည်ကို ဆန္ဒပြကျောင်းသားများက ချိန်ဆလျက်ရှိစဉ် ဇူလိုင် ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံတစ်ဝန်း ကာဖျူးထုတ်ပြန်ထားမှုကို ထပ်မံဖြေလျှော့လိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းဆန္ဒပြမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၁၉၁ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့ပြီး ယင်းသည် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ရာထူးသက်တမ်းအတွင်း အဆိုးရွားဆုံး ဆူပူအုံကြွမှုအခြေအနေတစ်ရပ် ဖြစ်ခဲ့သည်။

လက်ရှိတွင် မြို့ကြီးများ၌ ထောင်နှင့်ချီသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေဆဲဖြစ်ကာ နိုင်ငံတစ်ဝန်းတွင် အင်တာနက်လိုင်း ပြတ်တောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်သော်လည်း ထပ်မံဆန္ဒပြမှုများကို ခေတ္တရပ်ဆိုင်းထားမည်ဟု ဆန္ဒပြခေါင်းဆောင်များက ကြေညာခဲ့ပြီးနောက် အဓိကရုဏ်းဖြစ်ပွားမှုများ လျော့ကျသွားခဲ့သည်။

ဆန္ဒပြမှုများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့စဉ်က ကာဖျူးထုတ်ပြန်ထားခြင်းကို ထပ်မံဖြေလျှော့ပေးရန် ဟာဆီနာ၏ အစိုးရက ညွှန်ကြားခဲ့ပြီး နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ခုနစ်နာရီကြာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုခဲ့သည်။

လူဦးရေသန်း ၂၀ နေထိုင်သော မြို့ကြီး တစ်မြို့ဖြစ်သည့် မြို့တော်ဒါကာရှိ လမ်းမများသည် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား အပြင်းအထန် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် လူသူကင်းမဲ့လုနီးနီး ဖြစ်ခဲ့ရာမှ ယခုအခါ နံနက်ပိုင်းတွင် အလုပ်သွားသူများ၊ ယာဉ်အသွားအလာများဖြင့် ပြည့်နှက်လျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်က ပိတ်ထားခဲ့ရသည့် ဘဏ်များ၊ အစိုးရရုံးများနှင့် နိုင်ငံ၏ စီးပွားရေးအတွက် အလွန်အရေးပါသော အထည်ချုပ်စက်ရုံများကို ဇူလိုင် ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။     

ဆန္ဒပြမှုများအား ဆိုင်းငံ့ထားမည်ဟု ကြေညာထားခြင်းသည် ဇူလိုင် ၂၆ ရက်တွင် အချိန်ပြည့်မည်ဖြစ်သဖြင့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များသည် ယင်းသို့ဆိုင်းငံ့ထားခြင်းကို အချိန်ထပ်တိုးခြင်းပြုမပြု ဆုံးဖြတ်ရန် ဇူလိုင် ၂၅ ရက် နှောင်းပိုင်းတွင် တွေ့ဆုံမည်ဖြစ်သည်။

ယခုလအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို ဦးဆောင်စီစဉ်ခဲ့သည့် Students Against Discrimination အဖွဲ့က အစိုးရထံမှ လိုက်လျောမှုများ ရရှိလိမ့်မည်ဟု မျှော်လင့်ထားသည်။

“ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ဝန်ကြီးချုပ်ဟာဆီ နာဘက်က ပြန်တောင်းပန်ဖို့ တောင်းဆိုပါတယ်။ ပြည်ထဲရေးနဲ့ ပညာရေးဝန်ကြီးကိုလည်း ရာထူးကနေဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်” ဟု ဆန္ဒပြကျောင်းသားအဖွဲ့တစ်ဖွဲ့ ၏ ညှိနှိုင်းရေးမှူးဖြစ်သူ အဆစ်ဖ်မာမွတ်က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဆူပူဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူအရေအတွက်ကို အာဏာပိုင်များက လျှော့ချဖော်ပြထားခြင်းဖြစ်ကြောင်းနှင့် ၎င်း၏အဖွဲ့သည် သေဆုံးသူစာရင်းကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်က အဓိကရုဏ်းအခြေအနေများ စတင်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လူ ၂၅၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု AFP က ဖော်ပြသည်။

၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၏ သားသမီးများအတွက် သုံးပုံတစ်ပုံနီးပါးအပါအဝင် အခွင့်ထူးခံအုပ်စုအတွက် လစာကောင်းသော အစိုးရရာထူးနေရာများ၏ ထက်ဝက်ကျော်ကို သီးသန့်ဖယ်ထားသည့် စနစ်ဟောင်းကို ပြီးခဲ့သည့်ဇွန်လတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်အသက်သွင်းပြီးနောက် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent