၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦး အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုတက်ရောက် လွမ်းသူပန်းခွေချ

၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦး အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုတက်ရောက် လွမ်းသူပန်းခွေချ
Published 19 July 2024

၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦး အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ တက်ရောက် လွမ်းသူပန်းခွေချခဲ့ကြောင်း သိရသည်။

၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ဇူလိုင် ၁၉ ရက်က ကျင်းပခဲ့ပြီး နစကအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၇) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမြင့်နောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ (၇၇) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် ပြည်ထောင်စူသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေချ၍ အလေးပြုခဲ့ကြောင်း သိရသည်။

ထို့နောက်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို မေတ္တာပို့အမျှဝေခြင်းအစီအစဉ်အဖြစ် နှစ်မိနစ် ငြိမ်သက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များက လွမ်းသူ့ပန်းခွေချဂါရဝပြုခြင်း အစီအစဉ်ဆက်လက်ပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ ဦးအောင်ဆန်းဦးက လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် အာဇာနည်ခေါင်ဆောင်များ၏ မိသားစုဝင်များက အထိမ်းအမှတ် ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့ကြပြီး ဂါရဝပြု မေတ္တာပို့သအမျှပေးဝေကြကြောင်း သိရသည်။

ဆက်လက်ပြီး (၇၇) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လွမ်းသူ့ပန်းခွေချ၍ အလေးပြုခဲ့ကြကြောင်း သိရသည်။

ထို့နောက် မှတ်ပုံတင်ခွင့် ပြုထားသည် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများနှင့် ကုလသမ္မဂအဖွဲ့များ၊ NGO အဖွဲ့များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုကြကြောင်း သိရသည်။

Most Read

Most Recent