မြစ်ကြီးနား မြို့တွင် ဧရာဝတီ မြစ်ရေ ပြန်ကျပြီးနောက်  သေဆုံးသူ ဆယ်ဦးကျော်ခန့် တွေ့ရှိ

မြစ်ကြီးနား မြို့တွင် ဧရာဝတီ မြစ်ရေ ပြန်ကျပြီးနောက်  သေဆုံးသူ ဆယ်ဦးကျော်ခန့် တွေ့ရှိ
Published 11 July 2024

မြစ်ကြီးနား မြို့တွင် ဧရာဝတီ မြစ်ရေ ပြန်ကျပြီးနောက်   ဇူလိုင်လ ၉ ရက် အထိ သေဆုံးသူ ဆယ်ဦးကျော်ခန့် တွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများက ဆိုပါသည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေမှာ ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာကို ရောက်ရှိခဲ့ ပြီးနောက် ဇူလိုင် ၁ ရက် ညသန်းခေါင်ကျော် အချိန်တွင် ၁၄၀၆ စင်တီမီတာ အထိ မြင့်တက်ခဲ့သည်။

ညတွင်းချင်း စိုးရိမ်ရေအမှတ်ထက် လေးပေကျော် မြင့်တက်လာမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များမှာ ကယ်ဆယ်ရေးလုပ်ငန်းများ အပြည့်အဝ မလုပ်ဆောင်နိုင်ခဲ့ပေ။ အချို့နေရာများတွင် ရေပြန်ကျသည့် ဇူလိုင် ၂ ရက်နေ့အထိ သောက်ရေနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ခဲ့ကြောင်း သိရသည်။

 မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် အခြေစိုက် လူမှုကူညီရေးအသင်းက '' ကျတော်တို့က ငါးလောင်းမှာ လေးလောင်းက ရပ်ကွက်ထဲကပါ ။တစ်လောင်းက ပိုင်ရှင်မဲ့ပေါ့။ ရမ်ပူရပ်ကွက်ပေါ့။အနိမ့်ပိုင်းတွေမှာ ရေထဲက ပြန်ပေါ်တာ။ ရေနစ်သေတာ ဖြစ်ဖို့များတယ်။ တစ်မြို့လုံး ရေဝိုင်းသွားတော့ ပတ်ပတ်လည် မြှုပ်သွားတာ။အခြားအသင်းတွေလည်းအလောင်းတွေ ကောက်ကြတယ်''ဟု ဆိုသည်။

လူမှုကူညီးအသင်းမှ ဥက္ကဋ္ဌ တစ်ဦးကလည်း '' ကျနော်တို့အသင်းက ကောက်တာက ခြောက်ဦး။မြစ်ထဲမျှောလာတဲ့ဟာတွေက ပိုင်ရှင်မရဘူး။ရပ်ကွက်ထဲကဟာက ပိုင်ရှင်ပေါ်တယ်။ တစ်မြို့လုံးက ၁၇ ဦးလို့ သတင်းကြားရတယ်။စာရင်းအတိအကျတော့ မသိဘူး။ ရပ်ကွက်အသင်းတွေ ကောက်တာလည်း ရှိသေးတယ်လေ''ဟု ဆိုသည်။

 

 

 

Most Read

Most Recent