ကော့ကရိတ်မြိုနယ် ကော့ဘိန်းကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ Drop Bomb များ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကော့ကရိတ်မြိုနယ် ကော့ဘိန်းကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ Drop Bomb များ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
Published 10 July 2024

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်၊ ကော့ဘိန်းကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ဇူလိုင် ၈ ရက်  ညပိုင်းက Drop Bomb များကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်များအရ သိရသည်။

ဇူလိုင် ၈ ရက်  ည ၈ နာရီခွဲ ခန့်က ကော့ဘိန်းကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်သို့  Drop Bomb လေး လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “Drop Bomb က နေအိမ်ခေါင်မိုးကို ဖောက်ပြီး အိမ်ထဲမှ ပေါက်ကွဲသွားတာပါ။ အိမ်ထဲမှာရှိနေတဲ့ အသက် (၆၀) နှစ်အရွယ် ဒေါ်ခွါးမိ မှာ ဗုံးစထိမှန်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားပြီးတော့ မော်လမြိုင်ဆေးရုံကို ပို့တဲ့အချိန်မှာ လမ်းမှာသေဆုံးသွားပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသည့်နောက် လက်နက်ငယ်ဖြင့် ပစ်ခတ်သံများလည်း ကြားကြရကြောင်း၊ ထိုဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို မသိရကြောင်း ၎င်းဒေသခံကဆိုသည်။

ဒေါ်ခွားမိ ၏ ရုပ်အလောင်းအား ယမန်နေ့ ဇူလိုင်လ (၉) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကော့ဘိန်းကျေးရွာမှာပင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ (၂၅) ရက်နေ့က KNU/KNLA/NMSP (AD)/PDF ပူးပေါင်းတပ်ဖွဲ့များက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ ကော့ဘိန်းနယ်မြေရဲစခန်း နှင့် အနီးဝန်းကျင်ရှိ ဒေသများအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါးအပါအဝင် အရပ်သား (၃၀) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး၊ ကော့ဘိန်းကျေးရွာနှင့် ဆက်စပ်နေသည့် ကော့ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်၊ ဓမ္မသ၊ သံကလောင်၊ ကျွန်းရွာ၊ တရနာ၊ ကော့သိပ်၊ ကော့စွယ် ဒေသခံပြည်သူ (၅၀၀၀၀) ကျော်မှာလည်း နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရသည်။

၎င်းလက်နက်ကိုင်ပဋိပက္ခအတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာရှိ နေအိမ် (၃၀၀) ကျော် မီးလောင် ပျက်စီးခဲ့ရသည့်ပြင်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာအနီးရှိ ကျွန်းကုန်ရွာတွင်လည်း နှစ် ကြိမ်ထက်မနည်း မီးလောင်ကျွမ်းပျက်ဆီးမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent